၂၀၁၁ ခု နှစ် နှစ်ဟောင်းမှ လုပ်ဆောင်မှုအဟောင်းများ နှင့် အောင်မြင်မှုအဆင့်များ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီသည် ဒိုင်ဗားစတီးလစဉ်ထုတ်စာစောင်ကိုထုတ်ဝေပြီး အကြံပြု တင်ပြခြင်း - အနာဂတ်နိုင်ငံအတွက် ပြုပြင်ပြောင်းလဲသင့်သည်များကို ဝေဖန်ထောက်ပြခြင်းကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ရာ အောင်မြင်မှုရသည်ဟု ထင်မြင်ယူဆရဖွယ်များ ၊ အများဆွေးနွေးရ သည်အထိ လှုံ့ဆော်နိုင်ခဲ့ သည်ဟုထင်မြင်ယူဆ ဖွယ်များ နှင့် လှုံ့ဆော်ဆဲပြဿနာများကို - သုံးပိုင်း ပိုင်းပြီးတင်ပြပါမည် ။
အပိုင်း(၁)
အောင်မြင်မှုရသည်ဟု ထင်မြင်ယူဆရဖွယ်များ
ပဲဆီ - နှမ်းဆီ - စက်ဆီ
တေးသံရှင် နီနီခင်ဇော်က ဆိုသည် ။ ပဲဆီ နှမ်းဆီ စက်ဆီ ။ ယခု ကျနော် ပြောမည့် ကိစ်္စသည် ပဲဆီ နှမ်းဆီ မဟုတ် စက်ဆီကိစ္စဖြစ်ပါသည် ။ စက်ဆီဆိုသည်မှာ ဓါတ်ဆီ ၊ ဒီဇယ်ဆီ ၊ ရေနံဆီဖြစ်သည် ။
ဓါတ်ဆီနှင့် ဒီဇယ်ဆီကိုတော့သိသည် ။ ရေနံဆီကိုဘယ်လိုသုံးသလဲမသိကြ ။ အမှန်က ရေနံဆီသည် လေယာဉ်ဆီဖြစ်လေသည် ။ လေယာဉ်ဆီဆိုလျှင်ဖြင့် ဟိုးယခင်က ဇစ်ပို မီးခြစ်ထဲ ထည့်ခြစ်သည့် ဆီကိုသာသိသည် ။
လေယာဉ်ပျံအင်ဂျင်တွေ နည်းပညာတိုးတက်လာသည့်နှင့်အမျှ မီးဘေး လုံခြုံရေးအတွက် မီးလောင် လွယ်သော ဆီမျိုးကို မသုံးတော့ ဟဲဗီးကယ်ရိုးဆင်း ကိုပြောင်းလဲသုံးလာသည် ။ ( ဒီနေရာမှာ တက်ကနိုလိုဂျီ ဆန်ဆန် ဆီအုပ်စုတွေ အကြောင်း ၊ အင်ဂျင်အုပ်စုတွေအကြောင်း ရှင်းပြမည်မဟုတ်ပါ သိချင်လျှင်သီးသန့် ဖုန်းဆက်မေးပါ ။ )
ယနေ့ခေတ်လေယာဉ်ဆီဆိုလျှင် ရေနံဆီဟုသိထားရန်သာဖြစ်ပါသည်။ရေနံဆီကို ဓါတ်ဆီနှင့်ရော လျှင်ဓါတ်ဆီ အတုဖြစ်သည် ။ ရေနံဆီကို ဒီဇယ်နှင့်ရောလျှင် ဒီဇယ်အတုဖြစ်လာ သည် ။ အတုနှင့်ယဉ်ပါးနေသော စက်တွေအစစ် ဆိုလျှင် မနိုးချင် ။စက်ဆီ ကိစ္စ ဆက်ပြောမည် ။
စက်သုံးဆီ - သုံးစွဲရသော နေရာများ -
(၁) အိမ်သုံးမီးစက်များ
(၂) အင်ဂျင်ပါဝါသုံးရေတင်စက် / လေမှုတ်စက်များ
(၃) ထော်လာဂျီ / ထွန်စက်/ ဆိုင်ကယ်
(၄) စက်တပ်ရေယာဉ်မျိုးစုံ
(၅) မော်တော်ကား
(၆) မီးရထား
(၇) လေယာဉ်ပျံ
စက်သုံးဆီ ရနိုင်သော နေရာများ -
ပြည်တွင်းမှ ရေနံဆီ (လေယာဉ်ဆီ) အဓိကထွက်သည် ။
ဒီဇယ် / ဓါတ်ဆီသည် ပြည်ပမှ အဓိက တင်သွင်းရသည် ။
ထုတ်လုပ်ပုံ / တင်သွင်းပုံ / ယခုဖြန့်ဖြူးပုံ
ရေနံစိမ်းကို နိုင်ငံတော် နှင့် နိုင်ငံတော် ဖက်စပ်လုပ်ငန်းများ မှ အဓိကထုတ် လုပ်သည် ။ ရေနံစိမ်းက ရေနံဆီအလွယ်တကူများများစားစားထွက်သည် ။ ပုဂ္ဂလိက လုပ်ငန်းငယ်များက မဖြစ်စလောက်ထုတ်လုပ် သည် ။ ဒီဇယ်အတု/ ဓါတ်ဆီအတု ထွက်သည် ။
ပြည်ပမှတင်သွင်းခြင်းသည် ပုဂ္ဂလိက လွတ်လပ်စွာ တင်သွင်းခွင့်မရှိ ၊ လွတ်လပ်သော ယှဉ်ပြိုင် ၀ယ်ယူခွင့် မရှိ ။ လွတ်လပ်သော ယှဉ်ပြိုင်ရောင်းချခွင့်မရှိ ။ လွတ်လပ်သော ဈေးနှုန်းနှင့် ရောင်းချခွင့်မရှိ ။
နိုင်ငံတော်ပိုင် ယာဉ်ရထားများကို နိုင်ငံတော်မှ သတ်မှတ်ဈေးနှင့် ရောင်းသည် ။ ပုဂ္ဂလိက မော်တော်ကားများကို ဆီဆိုင်များမှာ စာအုပ်ပြထုတ်ယူရသည် ။ သတ်မှတ်အတိုင်း အတာသာ ရောင်းသည် ။
ပုဂ္ဂလိကပိုင်သော (၁) အိမ်သုံးမီးစက်များ (၂) အင်ဂျင်ပါဝါသုံးရေတင်စက် / လေမှုတ်စက်များ (၃) ထော်လာဂျီ / ထွန်စက်/ ဆိုင်ကယ် (၄) စက်တပ်ရေယာဉ်မျိုးစုံ ကို ဘယ်သူမှ တရားဝင်မရောင်း မှောင်ခိုဆိုင်က ၀ယ်ယူရသည် ။
မှောင်ခိုဟူသည်မှာ -
ဆီမှောင်ခိုဟူသည်မှာ အဘယ်နည်း ။ ဆိုရှယ်လစ် သဘောသဘာဝအရ အရာရာကို သမဆိုင်က ထုတ်ယူရ သည် ။ အပြင်မှာရောင်းသမျှမှောင်ခိုသူဖြစ်သည် ။ မှောင်ခိုအမျိုးမျိုးရှိ သည် ။ ပြည်သူလူထု ကိုဒုက္ခပေးမည့် လက်နက်မှောင်ခို ၊ ဘိန်းမှောင်ခို ၊ မူးယစ်ဆေးဝါးမှောင်ခို ၊ လောင်းကစားမှောင်ခို ၊ ပြည့်တန်ဆာမှောင်ခို တွေဖြစ်သည် ။
ဒီကြားထဲ ဆီမှောင်ခိုဆိုတာလည်းပေါ်လာသည် ။ ဆီမှောင်ခိုတွေက ခိုးယူရောင်း ချသူကတဆင့် ပြန်လည်ဝယ် ယူရောင်းချရတာဖြစ်သည် ။ ခိုးယူသူဆိုသည်မှာ တစ်ဂါလံသုံးစွဲထားသည်ကို နှစ်ဂါလံစာရင်းပြ၍ ခိုးယူရောင်းချသူ ၊ မိမိသုံးပိုင်ခွင့်ကို လျှော့သုံး၍ ပြန်ရောင်းချသူ တို့ထံမှ တဆင့်ပြန်ရောင်းသူတွေကို ဆီမှောင်ခိုတွေ ဟုခေါ်သည် ။
အရက်လိုင်စင်မရှိဘဲ အရက်ရောင်းလျှင် အရက်ပုန်းဆိုင် အရက်မှောင်ခို ရောင်းသူဟု ခေါ်နိုင်သေး သည် ။ ဆီရောင်းသည့်အတွက်လိုင်စင်မလုပ်ဘဲ ရောင်းသောကြောင့် ဆီမှောင်ခိုဟု လည်းခေါ်နိုင်သည် ။ အရက်ရောင်းဖို့က လိုင်စင်ထုတ် ပေးတာရှိသည် ။ အခွန်များလို့ လိုင်စင် မဆောင်ဘဲ အရက်မှောင်ခိုဖြစ်လာ သည် ။ ဆီရောင်းဖို့ လက်လီဆိုင်တွေအတွက် လိုင်စင်ထုတ်ပေးတာ မရှိ ။ ဆီဝယ်ဖို့နေရာ မရှိ ။အဲဒါကြောင့် သုံးစွဲသူတွေရဲ့ဝယ်လိုအားက ဆီမှောင်ခိုတွေကိုမွေးထုတ် သည် ။ အရက်သည် မူးယစ်စေတတ်သည် ။ စက်ဆီသည် အင်ဂျင်များကိုလည်နိုင်စွမ်းသည် ။ အဲသလိုနဲနဲတော့ကွာ သည် ။
ဖြစ်စဉ်အမှန်နဲ့အမှား
စက်ဆီအရောင်းအ၀ယ်အတိုးအကြိတ် ပြဿနာတွေတက်နေသည် အမှန် နဲ့ အမှားတွေကို ဇယားချကြည့်မည် ။ အမှန်နဲ့အမှားတွေသည် ဂျာအေး သူ့အမေရိုက် ဆက်စပ်နေတတ်သည် ။ ဖြေရှင်းရခက်သည် ။ အမှားတစ်ခုကို ဖြေရှင်းဖို့ အမှန်ကို သွားပြီး ထိခိုက်ဖြေရှင်းရတာမျိုးမဖြစ်ရန်လိုသည် ။ ရှင်းတတ်လျှင်လွယ်သည် ။ ရှင်းလိုစိတ် ရှိလျှင်လွယ် သည် ။
စက်ဆီ ကိစ်္စကို အမှန် နဲ့ အမှား ဇယားချကြည့်ပါစို့
အမှန်များ
(၁) မော်တော်ကားတစ်စီး လိုအပ်သည့် ဆီကို ပေါက်ဈေးဖြင့် ကြိုက်ရာနေရာက ကြိုက်သလောက် ၀ယ်ခွင့်ရှိရမည် ။
(၂) စက်တပ်ရေယာဉ်တစ်စီး သွားလာမောင်းနှင်ဖို့ လိုအပ်သည့် ဆီကို ပေါက်ဈေးဖြင့် ကြိုက်ရာနေရာက ကြိုက်သလောက် ၀ယ်ခွင့်ရှိရမည် ။
(၃) လယ်ယာသုံး/အိမ်သုံးစက်များအတွက် လိုအပ်သည့် ဆီကို ပေါက်ဈေးဖြင့် ကြိုက်ရာနေရာက ကြိုက်သလောက် ၀ယ်ခွင့်ရှိရမည် ။
(၄) ဆီဆိုင်များ လုပ်ငန်းလိုင်စင်ချထားပေးပြီး အခွန်အခကောက်ရမည် ။ မီးဘေး လုံခြုံရေး အရံအတားရှိရ မည် ။
(၅) ဆီဆိုင်ရှင်များ ပေါက်ဈေးဖြင့် ( မိမိနှစ်သက်ရာ ကြိုက်ဈေးဖြင့် ) လွတ်လပ်စွာဝယ်ခွင့်/ ရောင်းခွင့်ရှိရ မည် ။
(၆) ဆီဝယ်သူများများ ရှိသည့်နေရာမှန်သမျှ ဆီဆိုင် တွေ လိုက်ဖွင့်ချင်သည် ။ ဖွင့်ခွင့်ရှိရမည် ။ ဆီဆိုင်ဖွင့်ရမည့် ဒေသကို ဆိုင်ရှင်က ရွေးခွင့်ရှိရမည် ။ ( နေရာ မဟုတ်ပါ ဒေသကိုသာညွှန်းပါ သည် ။ မီးဘေး လုံခြုံရေးအတွက် အခြေခံလိုအပ်ချက် နေရာနှင့် လုံခြုံရေးအဆင့်အတန်းကို နိုင်ငံတော်မှ သတ်မှတ် နိုင်သည် ) ။
အမှားများ
(၁) ဆီဈေးတက်မည်စိုးရိမ်သဖြင့် ပုဂ်္ဂလိကဆီကုန်သည်တွေ လွတ်လပ်သည့် ပေါက်ဈေးရောင်းချခွင့်ကို ပိတ်ပင်သည် ။
(၂) ပုဂ္ဂလိက ၀ယ်ယူတင်သွင်းဖြန့်ဖြူးခွင့်ကိုပိတ်ပင်သည် ။
(၃) မော်တော်ကားမှလွဲ၍ ကျန်သော စက်ကရိယာများအတွက် ဆီဝယ်နိုင်သောတရားဝင် နေရာ အရောင်း ဆိုင်မရှိ ။
(၄) ပုဂ္ဂလိက မော်တော်ကားများအတွက် နိုင်ငံတော်မှ စိုက်ထုတ်ကျခံခြင်းသည်မော်တော်ကား မရှိသူများ ၏ အခွန်ကို အလွဲသုံးစားဖြစ်ခြင်း ။
ပြဿနာအတွဲများဖြေရှင်းရန်စဉ်းစားခြင်း
(၁) လွတ်လပ်သည့်ဈေးကွက်အတိုင်း စက်ဆီရောင်းချခွင့်ပေးပါက ဆီဈေးတက်နိုင်သည် ။ ဆီဈေး နှစ်ဆတက်လျှင် ကျန်ကုန်စည် ဈေးနှစ်ဆတက်မည်ဟု ထင်မြင်ခြင်းသည်မဟုတ် ။ ဆီတစ်ဂါလံသုံးပြီး သယ်ယူပို့ဆောင်သော ကုန်စည်သည် ဆီတစ်ဂါလံဖိုး သာရှိသည်မဟုတ် ။
ဥပမာ ဆီတစ်ဂါလံ ၄၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့ ဈေးတက်သော် ဆီတစ်ဂါလံနှင့် သယ်ပို့နိုင်သော ကုန်စည်သည် ( အပိုင်းတစ်ခုအတွက် ရှစ်သိန်း ကျပ်ဖိုး ဖြစ်ပါက ) ဆီဈေး လေးထောင်မှ ရှစ်ထောင်သို့ တက်သည့်အတွက် ကုန်စည်ဖိုး ဆယ့်ခြောက်သိန်းဖြစ်ရန်မလို ။ ရှစ်သိန်း ရှစ်ထောင်မှ ရှစ်သိန်း နှစ်သောင်း ထက်ပိုမည်မဟုတ် ( နှစ်သောင်းသည် အခြားအပိုင်းများမှ မြင့်တက်လာသော စက်ဆီဖိုးဖြစ်မည် ။ ) ဒါကို ကုန်သည်များက ဆင်ခြေပေးပြီး ဆီဈေး နှစ်ဆတက်လျှင် ကုန်စည်ဈေး နှစ်ဆတက်မည် ဆိုသည်မှာမမှန် ။ ( တစ်ချိန် တစ်ခါက အထင်ကရ နိုင်ငံရေးသမား တစ်ယောက်က မီဒီယာတစ်ခုမှာ နှစ်ဆတက်မည် ဟု ပြော ဖူးသည် )။
(၂) ဆီမှောင်ခိုဟူသည်မှာ မရှိ ။ ဆီမှောင်ခိုဟုခေါ်ရန်မလို ။ ဆီသူခိုးကသပ်သပ်ဖြစ်သည် ။ လောင်စာဆီ အလွဲသုံးစားသူ / လောင်စာဆီသူခိုး က သီးသန့်ဖြစ်သည် ။ နိုင်ငံတော်ပိုင်ကဏ္ဍမျိုးစုံ ( ဆီသိုလှောင်ရုံ ၊ နိုင်ငံတော်အရောင်းဆိုင် ၊ နိုင်ငံတော်ယာဉ်လိုင်း ) နှင့် ပုဂ္ဂလိက ဆီနှင့်ပတ်သက်သော လုပ်ငန်း များမှ စက်သုံးဆီများကို အလွဲသုံးစား လိမ်လည်ခိုးထုတ်သူသည် ဆီသူခိုးတွေဖြစ်သည် ။ ထိုသူတွေမှ ထံမှ ဆီပြန်ဝယ်ယူရောင်းချသူသည် သူခိုးလက်ခံ သာဖြစ်မည် ။ ဆီမှောင်ခိုဟု ခေါ်ရန်အကြောင်းမရှိ ။ ဆီသည် တရားမ၀င်ကုန်စည်မဖြစ်စေရ ။ စက်သုံးဆီသည် လူကို ဒုက်္ခပေးသော အရာမဟုတ် စက်ကရိယာများ လည်ပတ်အလုပ်လုပ်ရန် ထောက်ပံ့ သောကုန်စည်သာဖြစ်သည် ။ ဆီမှောင်ခိုဟူသည် လုံးဝမရှိ ။ လုံးဝ အမည်တပ်ရန် မလို ။ ( အခွန် ရှောင်လွှဲခြင်း နှင့် နေရာထိုင်ခင်း မီးဘေးလုံခြုံရေးသာ ဖြေရှင်းပေးရန်လိုသည် )
(၃) မော်တော်ကားမှအပ ကျန်သော အင်ဂျင်များ လည်ပတ်ရန် တရားဝင် စက်သုံးဆီ ၀ယ်ရာနေရာမရှိခြင်းသည် ဥပဒေကြောင်း အရ ဟာကွက်ဖြစ်သည် ။ မည်သူမဆို စက်သုံးဆီရောင်း ချခွင့်ရှိစေရမည် ။ ပမာဏ အနည်းအများ အဆင့်အလိုက် မီးဘေးလုံခြုံရေး ပုံစံချပြီး ရောင်းချခွင့် ပေးရမည် ။ အခွန်ကောက်ရမည် ။ ကြီးလေးသော အခွန်မဖြစ် စေရ ။
(၄) မော်တော်ကား စာအုပ်နှင့်သတ်မှတ်ထုတ်ယူတဲ့ကိစ္စ - မော်တော်ကားတွေက ဆီဆိုင်ကဆီတွေ ၀ယ်ပြီးအပြင်မှာ မှောင်ခိုထုတ်ရောင်းနေလို့ သတ်မှတ် ပမာဏအတိုင်း ဆီစာအုပ်နှင့်ထုတ်ပေးတဲ့ ကိစ္စပြန်လုပ်ရတာဖြစ်သည်ဟု ““လွှတ်တော်ကိုယ်စားလှယ် တော်ကြီး ဒေါက်တာမြတ်ဥာဏစိုးက ၀ီးကလီးအလဲဗင်း””မှာ အင်တာဗျူးဖြေဆိုသွား သည် ။ ဒေါက်တာ မြတ်ဥာဏစိုး၏ အဖြေကို ဘ၀င်မကျ ကန့်ကွက်ပါသည် ။
မေး - ၀ီးကလီးက မေးသည် - ““စက်သုံးဆီဆိုင်တွေမှာဓါတ်ဆီတန်းစီနေကြတဲ့ကား တွေက တစ်မျှော်တစ် ခေါ်ကြီးပဲ ဆရာ ။ နောက်ပြီးဆရာကလည်း စက်သုံးဆီဖြန့်ဖြူးခြင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ တယ် ။ အဲဒါနဲ့ပတ်သက်လို့”” –
ဒေါက်တာမြတ်ဥာဏစိုးဖြေ - ““စက်သုံးဆီဆိုတာနဲ့ ဆီဆိုင်တွေမှာကားတွေတန်းစီ နေတာ ကိုဘဲ လူတွေကမြင်တယ် ။ ဆီစာအုပ်ပြန်လုပ်ရတာကိုမြင်တယ် ။ ပြဿနာရဲ့ အရင်း အမြစ်ကိုမြင်တတ်ဖို့လိုတယ် ။ ဘာဖြစ်လို့တန်းစီပြီးတိုးနေရလဲ။ ဓါတ်ဆီကိုစက်တပ်ယာဉ်တွေကကြီးပဲသုံးနေတာမဟုတ်ဘူး။ လယ်ယာသုံးစက်ကရိယာတွေ လည်းသုံးတယ်။ နောက် အသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း တွေကလည်းသုံးတယ် ။ မီးစက်တို့ဘာတို့အကုန်လုံးသုံးတယ် ။ အဲဒါတွေ အတွက်ကို စက်သုံးဆီဖြန့်ဖြူးမှုစနစ် ကထိရောက်မှုမရှိဘူး ။ကျွန်တော်တို့ ပုဂ္ဂလိကကိုလွှဲပြောင်း ပေးလိုက်ပြီ။ ဒီဆီဆိုင်တွေ အကုန်လုံးကမော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်လှေ၊ စက်တပ်ယာဉ်တွေဒါ တွေပဲရောင်း တဲ့အခါကျတော့ မှောင်ခိုဈေးကွက်က ဘယ်လိုလို့ ပေါ်လာလည်းဆိုတော့ စက်တပ်ယာဉ်တွေက တစ်ဆင့်ခံမျိုးကောက် တယ် ။ ကောက်ပြီးတော့မှ ခုန တခြားခြား သော သုံးစွဲသူတွေလက်ထဲထည့်ရတယ် ။ နိုင်ငံတော်က သတ်မှတ်ထား တဲ့ဈေးနဲ့ပြင်ပ ပေါက်ဈေးက နှစ်ဆလောက်ကွာနေတော့ရုတ်တရက်ကြီးလွှတ်ပေးလိုက်ရင် နောက်ဆက်တွဲ အကျိုးဆက် တွေဖြစ် လာနိုင်တယ် ။ ဒီမှောင်ခိုဈေးကွက်ရဲ့ အဓိကတရားခံ ကဘာလဲ။ မော်တော်ယာဉ်တွေ အဲဒီလောက်ဆီသုံး စရာမလိုဘူး ။ ဒီကနေပြီးတော့မှ တစ်ကယ်သုံးစွဲသူ လက်ထဲကို တိုက်ရိုက်ဖြန့်ဖြူးပေးနိုင်ရင်ပြီးမှာ ။ တစ်ဆင့်ခံဖြန့်ဖြူး နေရလို့ ဒီပြဿနာတွေဖြစ်နေရပါတယ် ။ ဒါလေးကို ပေါ်လွင်ထင်ရှားချင်လို့ မေး တာပါ ။””
ဒေါက်တာမြတ်ဥာဏစိုးက ဘာပြောချင်တာတုံး ၊ ဆီစာအုပ်တွေပြန်လုပ်ပြီး တန်းစီရတာ အမှန်လို့ပြောချင် တာလား ။ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ဈေးဆိုတာက ကော( အဲလိုသတ်မှတ် တာအမှန်လို့ပြောချင်တာလား )၊ ပြင်ပပေါက်ဈေးနဲ့ နှစ်ဆလောက်ကွာတယ် ဆိုတော့ ၀ယ်ယူသူက ၀ယ်စရာနေ ရာမရှိလို့ ရတဲ့နေရာက ရောင်းတဲ့ဈေးနဲ့ ၀ယ်ရတာမဟုတ်ဘူးလား ။
တကယ်သုံးစွဲသူကို တိုက်ရိုက်ဖြန့်ဖြူးပေးနိုင်ရင်ပြီးမှာဆိုတော့ ဘယ်သူက ဘယ်သူ့ကို တိုက်ရိုက် ဖြန့်ဖြူးမှာလဲ ။ ဘယ်ကုန်စည်တွေမှာများ ထုတ်လုပ်သူက စားသုံးသူကိုတိုက်ရိုက် ဖြန့်ဖြူးတာမျိုးရှိဖူးလို့လဲ ။ လက်လီတွေ လက်ကားတွေ အဆင့်ဆင့် သယ်ယူ ၀ယ်ယူ တစ်ဆင့်ပြန်ရောင်း ရတဲ့ကုန်စည်တွေဘဲ မဟုတ်ပါလား ။
ပြင်ပပေါက်ဈေးနဲ့ နှစ်ဆလောက်ကွာနေလို့ ရုတ်တရက်ကြီးမလွတ် ပေးနိုင်ဘူးဆိုတော့ ဘယ်တော့ လွှတ်ပေးမှာလဲ ၊ နှစ်ဆလောက်ကြီးမကွာအောင် အခုလို ဆီစာအုပ်ပြန်လုပ်ပြီးခွဲတမ်း စနစ်ပေးတာနဲ့ ကုစား လိုက်တာ လား ။ ကျွန်တော် အတော် ဘ၀င်မကျပါ ။ လူထုထောက်ခံမှုများလို့ လွှတ်တော်ကိုယ်စား လှယ်ကြီးဖြစ်လာတဲ့သူကို လူထုထောက်ခံမှုနည်းလို့ ကိုယ်စားလှယ်မဖြစ်လိုက်တဲ့ ကျနော် နေမျိုးဝေက ဝေဖန်တာတော့ ခပ်ချာချာ ဝေဖန်ချက်ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ ““သို့သော် လူနည်းစုကိုယ်စားပြု အမြင်လေးပေါ့ဗျာ””- ဆိုတာကိုတော့ ပြောချင်ပါတယ် ။
ဓါတ်ဆီတွေတန်းစီပြီး ပြန်ရောင်းစားသည် ။ ပြင်ပပေါက်ဈေးက နှစ်ဆလောက် မြတ်တာကိုး ရောင်းစားပေမပေါ့ ။ ကျွန်တော့်မှာကားမရှိလို့သာပေါ့ ကားများရှိလျှင် နှစ်ဆလောက်မြတ်နေလျှင် တန်းစီပြန်ရောင်းစားသော လူတွေထဲကျွန်တော် ပါကောင်းပါနိုင်သည် ။ လူသည် တွက်ချေကိုက် တာလုပ် မည် ။ ဒါသည် လူတွေလုပ်တတ်တဲ့ အလုပ်ဖြစ်သည် ။
ကျွန်တော့်မှာ မီးစက်ရှိသည် ။ ဘိုကလေးမှာ စက်လှေရှိသည် ။ မှောင်ခိုဆိုသော ဆီဆိုင်မှ မ၀ယ်လျှင် ဘယ်ဆိုင်ကမှမရောင်း ။ ဆီမှောင်ခိုဆိုင်ဆိုသောအမည်နာမတပ်ရန် မလို ။ စက်ဆီသည် လူကိုဖျက်ဆီးသော ကုန်စည်မဟုတ် လွတ်လပ်စွာရောင်းချခွင့် ဘာ့ကြောင့်မပေးရသနည်း ။
( အခွန် နဲ့ မီးလုံခြုံရေး အဆင့်သတ်မှတ်ပြီး ရောင်းခွင့်ပေး ရမည် ။ အစိုးရသစ်က ဘာလို့မပေးရဲ ရမည် နည်း ။ )
ဟိုးယခင်ဆိုရှယ်လစ် ခေတ်ကတည်းက စက်ဆီကို မှောင်ခိုသာဝယ်ရသည် ။ န၀တခေတ် မှာလည်း မှောင်ခိုသာ ၀ယ်ရသည် ။ ယခုလည်းမှောင်ခိုသာဝယ်ရသည် ။ မှောင်ခိုမ၀ယ်လို့ တခြားနေရာ ၀ယ်စရာမရှိ ။
ရန်ကုန်မှာ တစ်ဂါလံ ၄၅၀၀ ကျပ် ဆိုလျှင်ဖြင့် ရန်ကုန်မှတစ်ဆင့်သယ်ယူ ရတဲ့နေရာမှာ ၅၀၀၀ ကျပ် တော့ ကျော်ပေလိမ့်မည် ။ လမ်းစရိတ်ရှိတာကိုး ။
အစိုးရက အရောင်းဆိုင်တွေကို ဘာ့ကြောင့်ဈေးနှုန်းသတ်မှတ် ရောင်းခိုင်းရသနည်း ။ ပြန်ရောင်းလို့ ကိုက်လျှင် ကားတွေတန်းလာစီမည် ။ ဆီဆိုင်က အမြတ်ပိုရအောင် ဆီဈေးတင်လိုက်ပေါ့။ ရှင်းသည် ။ ဒါဆို ဆီရောင်းတဲ့သူ တွက်ချေကိုက်လာလိမ့်မည် ။ တွက်ချေကိုက်လျှင်ဖြင့် ဆီဆိုင်ဖွင့်ချင်သူ တွေများလာမည် ။ ဆီဆိုင်ဖွင့်ခွင့်ကို အစိုးရကပေါပေါသီးသီးချထားမပေးချင်လို့ ညစ်ထားတာလား ဟုမေး စရာရှိလာသည် ။ ပတ်သက်မှုကြီးကြီးမားမားရှိနေလို့ လားဟုမေးစရာရှိလာသည် ။
ဆီဆိုင်တွေအပြိုင်အဆိုင်ဖွင့်လာလျှင် တန်းစီတိုးစရာမလိုတော့ ၊ ရပ်ကွက်ထဲမှာပါ ကုန်သည်ကြီး တွေက လက်ကုန်နှိုက်ပြီး ဆီဆိုင်သေးသေးလေးတွေ ကိုယ်စားလှယ်ခွဲပြီး လိုက်ဖွင့် မည် ။ မြတ်တာကိုး ။ ဈေးသည်ကိုး ၊ ၀ယ်လိုအားရှိတဲ့နေရာ လိုက်ဖွင့်မှာပေါ့ ။ ဘိုကလေးလို နယ်မြို့တွေလည်းလိုက်ဖွင့်ပေလိမ့်ဦး မည် ။
ဒီနေရာမှာ ဒေါက်တာမြတ်ဥာဏစိုးက ပုဂ္ဂလိကကို လွှဲပြောင်းပေးပြီးပြီလို့ပြော သေးသည် ။ ဘယ်လိုလွှဲတာလည်း ကြိုက်ဈေးနဲ့ ရောင်းခွင့်ပေးပေါ့ ။ ကြိုက်တဲ့နိုင်ငံက တင်သွင်းခွင့်ပြု ပေါ့ ။ အစိုးရက အခွန်ကောက် - ပေါ့ ။ ( နိုင်ငံတော်သမ္မတကြီးကပြောထားသည်““အလုပ်လုပ်ကြရမှာကပြည်သူများ သာဖြစ်ပြီးအလုပ်လုပ်နိုင်အောင် ဖန်တီးပေး ရန်နှင့် အခွန်အတုတ် ရအောင်ကောက်ခံရန်မှာ အစိုးရ၏အလုပ်ဖြစ်ပါကြောင်း”” )
ပုဂ္ဂလိက အမြတ်ကြီးစားတွေ - ဈေးတက်မှာပေါ့လို့ ။ ၂၀၀၇ စက်တင်ဘာ ကလိုဖြစ်မှာ ပေါ့လို့ မခြောက် နဲ့ ။ ဘာမှမဆိုင် ။ စက်တင်ဘာ အစအဆုံးကျွန်တော်သိသည် ။ အကြို စက်တင် ဘာ တုံးက ကိုဂျင်မီက ပြောသေးသည် ဆီဈေး နှစ်ဆတက်တော့ ကျန်တာတွေ ဈေးနှစ်ဆတက် မည်တဲ့ ဘာမှမဆိုင် (ရှင်းခဲ့ပြီး) ။ အစိုးရက ဟိုးယခင် တစ်သက်လုံးစိုက်ထုတ်အရှုံးခံရောင်းခဲ့ဘူးပြီ။ အခိုက်အတန့် ကာလကလေး အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေလောက် အရှုံးခံစိုက်ထုတ် ရောင်းလိုက် ယုံမျှဖြင့် ပြေလည် မည် ။ ( အခိုက်အတန့်သာပြောသည် )
တစ်ခုတော့ပြဿနာရှိသည် ။ ဆီဈေးတွေ အမြတ်ကြီးစားတွေက အရမ်းတင်လျှင် ကျနော့်တို့ မိတ်ဆွေတွေ စက်ဆီ နိုင်ငံခြားကတင်သွင်းပြီးပြန်ရောင်းချင်လာလျှင် အစိုးရက ခွင့်ပြုဖို့လိုသည် ။ ဘာဘာညာညာတွေ စစ်ဆေးနေလို့တော့မဖြစ် ။ အမျိုးမတော်လျှင် ဆီမရောင်းရ ဆိုတာ မရှိလျှင်လုံလောက် ပေပြီ ။
(၅) မော်တော်ကားတွေ တန်းစီပြန်ရောင်းလို့ ဆိုတာ -
မော်တော်ကားတွေ ကြိုက်သလောက်ဝယ်ခွင့်ပေးလိုက် ၊ စာအုပ်မလိုဘူး ။ ကြိုက်တဲ့ဆိုင်က၀ယ် ။ ဒီလိုဆို ပြန်ရောင်းဖို့ ကိုက်လေသမျှ လက်ဦးသူက အသကုန်လှိမ့်ဝယ်လိမ့်မည် ။ ပြီးလျှင်သွန် ပစ်မည်မဟုတ် ဆီကောက်တဲ့ သူကိုပြန်ရောင်းမည် ။ တစ်နေ့ပေါ့ ။ ထပ်ရောင်း ။ နောက် နေ့ ။ ဆပ်ပလိုင်း ဆိုက်က နိုင်နိုင်ဖြည့်ပေးယုံသာရှိသည် ။ ဘယ်သူမှ အသုံးမရှိဘဲမီးထိုင်ရှို့နေမည်မ ဟုတ် ။ လက်လီ ဈေးကွက်ထဲမှာ လုံလောက်သွားလျှင် ငြိမ်သွားပေလိမ့်မည် ။ တရုပ်က နယူးကလီးယား ကာကွယ်ဆေး အိုင်အိုဒင်းဆား လှောင်တဲ့သူလို ဆီလှောင်တဲ့သူ/တန်းစီသူ သတ်သေချင်စိတ် ပေါက်သွားမည် ။
အမှန်က ၀န်ကြီးဌာနကြီးတွေအလိုက် ပတ်သတ်မှုကြီးမားနေသော လောင်စာဆီ အလွဲသုံးစား မှုတွေဘက်က ဈေးကောင်းမရလို့သာ စက်သုံးဆီ လွတ်လပ်စွာရောင်းချခွင့်ကို ဗိုင်းရပ်စ်ကိုက်ခိုင်း တာလားလို့ မေးမြန်းရမလိုဖြစ်လာ သည် ။
(၆) ဆီစာအုပ်ကိစ္စ ရှင်းပါဦးမည်
သတ်မှတ်ချက် စာအုပ်နဲ့ပေးစဉ်ကလည်း အပြင်မှာ မှောင်ခိုဆိုင်ရှိသည် ။ ခဏတာလေး လွတ်လွတ် လပ်လပ်ပေးရောင်းတော့လည်း မှောင်ခိုဆိုင်ရှိသည် ။ အခု စာအုပ်နဲ့ပြန်လုပ်တော့လည်း မှောင်ခိုဆိုင်ရှိသည် ။
ဒါဆိုလျှင် မှောင်ခို နှင့် မော်တော်ကားတွေ ဆီစာအုပ် လုပ်ခြင်းမလုပ်ခြင်းမဆိုင်လို့ ယူဆရတော့ မည် ။ မော်တော်ကား တွေက လာသော မှောင်ခိုဆီသည် ဘာမှမဟုတ် မော်တော်ကားဆီတိုင်ကီသည် သာမြင်ညောင်ည သာဆန့်သည် ။ ၅ ဂါလံမှ ဂါလံ နှစ်ဆယ် သာဖြစ်သည် ။ ထိုမျှလောက်သည် မှောင်ခိုမ လောက် ။ ထိုကားတွေသည် လမ်းဘေး မှာ ပုလင်းလေး/ပုံးလေး တိုင်ကီလေး ထောင်ရောင်းသူတွေထံသာ ပြန်ရောက်သည် ။ ထိုသူတွေက အိမ်သုံးလေးတွေ လမ်းကြုံကားလေးတွေ ကိုသာ ပြန်ရောင်းသည် ။ ဟဲဗီး ဆီမှောင်ခိုဆိုသူ တွေအတွက် သွားကြားပင်မညပ် ။ အမှန်တကယ် ဆီတရားမ၀င်ဈေးကွက် ( ခိုးထုတ်ပြန်ရောင်း အလွဲသုံးစားဈေးကွက်က ) ဂါလံ နှစ်ထောင်ကျော်သော ဘောက်ဆာကားတွေ တစ်အုပ်တစ်မ နှင့် အလုပ်လုပ်နေကြတာဖြစ်သည် ။ ဂါလံ နှစ်ထောင် ကျော် သော ဘောက်ဆာ ဆယ်စီးလောက် ကိုင်မထားဘဲ တရားမ၀င် ဆီလမ်းကြောင်းကို မတိုးနိုင် ။
(၇) အဓိကအနာကို လမ်းကြောင်းလွှဲ
မော်တော်ကားတွေ ဆီထုတ်ပြန်ရောင်းလို့ဟူသော ဆင်ခြေသည် - အဓိက အနာကို မကုချင်လို့ လမ်းကြောင်းလွှဲသော အနာသာဖြစ်သည် ။ ကင်ဆာ မကုချင်လို့ ၀ဲခြောက်ကို လက်ညှိုးထိုးနေခြင်းမျိုး ဂျာနယ်လစ် တွေ၏ ဘုမသိဘမသိ မေးခွန်းလေးတွေ အဖြေလေးတွေ က မျက်စေ့လည်သွားနိုင်သည်ကို သတိထား ရန်လိုပါကြောင်း။ မကြာမီ အချိန်အတွင်း အနာရောဂါ ဇစ်မြစ်များကို ဖြေးဖြေးမှန်မှန်တင်ပြသွားပါမည် ။ ယခုအချိန်တွင် အချက်အလက် အထောက်အထားများ တိတိကျကျမပါဘဲ (တမင်ချန်လှပ်) ပြောဆိုသွား ခြင်းသာဖြစ်ပြီး အချက်အလက်တိတိကျကျကို အကျင့်ပျက် ခြစားမှု တိုက်ဖျက်ခြင်း အဆင့် နှစ် မှစတင်ပြီး တိုးတက် ဖော်ထုတ်တင်ပြသွားပါ မည် ။
မေလထုတ်ဒိုင်ဗားစတီးစာစဉ်မှ
ဤဆောင်းပါးဖြင့် တင်ပြဖော်ထုတ်ရာ ယခုအခါ မော်တော်ကားများဓါတ်ဆီ တန်းစီမှု မလုပ်ရတော့ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြစ်သွားသည်ကိုတွေ့ရမည် ။
Tags:
ဆောင်းပါး
Leave a comment