သမိုင်းထဲက စာမျက်နှာတွေကို ပြန်လှန်ဖတ်မိတော့ အားတက်ဖို့ကောင်းလိုက်တာ။ ဗိုလ်အောင်ကျော် တိုက်ပွဲ မှာကျဆုံးတော့ အမေဖြစ်သူက အော်..အော်ပြီး ငိုသတဲ့။ ငိုနေရင်းနဲ့ပဲ မှတ်လောက်သားလောက် စကားလေး ကိုပြောသွားသေးတယ်။ “ အောင်ကျော်ရေ မင်းသေတာကို အမေ၀မ်းနည်းလို့ ငိုတာမဟုတ်ဘူး။ မင်းလိုသားမျိုး အမေနောက်ထပ်မမွေးနိုင်တော့မှာကို ၀မ်းနည်းလို့ ငိုတာပါ ” တဲ့။ ဒီခေတ်မှာ အဲဒီလိုအမေမျိုး ရှာလို့တွေ့ နိုင်သေးလား။ ကြားဖူးတဲ့ စကားပုံတစ်ခုက တော်လေးဝ ၀င်တဲ့ အမျိုးသမီးက “အမရာ၊ ကိန္နရီ၊မဒီ၊သမ္ဗူလ” ဆိုတဲ့ လေးယောက်ပဲရှိတယ်။ အဲဒီနောက်မိန်းမတွေ ဘယ်မိန်းမမှ တော်လေးဝ ၀င် မဟုတ်တော့ဘူးတဲ့။ ကျွန်တော်အမေ အပါအ၀င်ပေါ့ဗျာ။ ဗိုလ်အောင်ကျော်ရဲ့ အမေမျိုးကလည်း အဲဒီ တစ်ယောက်ပဲ ရှိတယ်လို့ တော့ မဖြစ်ပါစေနဲ့။
လူကတော့စကားထဲ ထည့်ပြောလို့မရပါဘူး။ အရည်အချင်းမှ မပြည့်ဝသေးတာပဲ။ ဒါပေမယ့် စိတ်ဓာတ်လေး ကတော့ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် ညာယောင်ယောင် ပေါ့ဗျာ။ ငယ်စဉ်ကတည်းက နိုင် ငံရေး စကားတွေကြားခဲ့ဖူးလို့ နိုင်ငံရေးစိတ်ဓာတ်လေးတော့ ကိန်းအောင်းနေလေရဲ့။မဲမဲမြင်ရင် ဘာဖြစ်ပြီလဲ။ ဘယ်သူစိတ်ဝင်စားစား မစားစား ကိုယ်ကတော့ စိတ်ဝင်တစားရှိတယ်။ နိဒါန်းကို ပြန်ဆက်ရရင် ကျွန်တော် တို့ ခေတ်လူငယ်တွေ ဆင်ခြင်တုံတရား သိပ်ကြီးမားတယ်။ ဘာကြောင့်လဲ ပြန်ထောက်ကြည့်လိုက်တော့ သွားလေသူတို့ရဲ့အဖြစ်တွေက အမြတ်မရ၊ သဂြိုင်းကြွခဲ့ရတဲ့ အဖြစ်တွေက များသကိုးဗျ။ ကြားလိုက်တာနဲ့ ကြက်သီးထစရာတွေ။
အဲဒီတော့ မိဘတွေကလည်း ကိုယ့်သား ကိုယ့်သမီးလေးတွေအပေါ်စိုးရိမ်စိတ်ကြီးတယ်။ ဆုံးမတာကိုက “ရုတ်ရုတ် ရုတ်ရုတ်ထဲ ၀င်မပါနဲ့။ နင်တို့လုပ်လဲ ဘာမှမထူးဘူး။ မိသားစုတွေ ဒုက္ခရောက်တာပဲရှိတယ်။” ဆိုပြီး ဟို့လူ့အဖြစ်၊ ဒီလူ့အဖြစ် (ဥပမာ - ဇာဂနာ၊ ကိုမင်းကိုနိုင်) အစရှိတဲ့ ရစရာမရှိ ဆင်းရဲဒုက္ခခံနေကြရတဲ့ အဖြစ် တွေနဲ့ သာဓကပြပြီး ပြောဆိုဆုံးမလေတော့ ကျွန်တော်အပါအ၀င် နိုင်ငံရေးကို ကြောက်နေကြတဲ့ လူငယ်တွေက များလှသပေါ့။ တစ်ခါတလေ နိုင်ငံရေး လုပ်ရပ်တွေကိုကြားသိရပြီး “ သဘောမတူနိုင်၊ ကန့် ကွက်တယ်” စသဖြင့် စသဖြင့် ပေါ့ဗျာ။ ပြောကြတယ်။ စိတ်ထဲမှာပဲ ပြောတယ်။ ကိုယ့်ခံစားချက် ကိုယ့်အမြင် ကို ရဲရဲတင်းတင်း မဖွင့်ဟရဲဘူးလေဗျာ။ လူတစ်ရာကို အမှန်အတိုင်းပြောပါဆိုပြီး စစ်တမ်းကောက်ကြည့် စမ်း ပါ။ လက်ရှိအစိုးရကို ၈၀ ရာခိုင်နှုန်းလောက်သောပြည်သူတွေက ကန့်ကွက်ကြလိမ့်မယ်။ ဒါပေမယ့် စောင့် ကြည့်သေးတာပေါ့ ဆိုတဲ့ စကားလေးနဲ့ပဲ အဖမ်းခံရမှာကြောက်တော့ ငြိမ်နေကြတယ်လေ။
ယောက်ျားတော့ ယောက်ျားပဲဗျ။ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် “ ကျား ... ကျား ... ဘာကျား လဲမေးတော့မှ စက္ကူကျား ဖြစ်နေတယ်။” ဘယ်မှာ အစွမ်းရှိမှာလဲ။ အတိတ်သမိုင်းမှာတော့ မြန်မာ လူယ်တွေ ဟာ အင်္ဂလိပ်ကိုတော်လှန်၊ ဂျပန်ကိုကာပြန် ရရာလက်နက်နဲ့ နိုင်ငံတော် အတွက် ရွပ်ရွပ်ချွန်ချွန် တော်လှန် ခဲ့ကြတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တာတွေကိုတော့ ကျွန်တော်တို့တွေ အခွင့်သင့်တိုင်း စားမြုံပြန်တတ် ကြပါတယ်။ တစ်ခါက ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ဖူးတဲ့ တပ်မတော် သားဟောင်းကြီး တစ်ယောက်က သူ့အနေနဲ့ ဗိုလ်ချုပ်ကို ဘယ်လောက်လေးစားသလဲဆိုရင် “ဖြစ်နိုင်ရင် အနန္တောအနန္တ ငါးပါးကို တစ်ပါးတိုးပြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အနန္တော အနန္တ ခြောက်ပါး လုပ်ပစ်လိုက်ချင်တယ်” တဲ့။ ဗိုလ်ချုပ်ကလွဲပြီး ဘယ်သူ့မလဲ မလေးစားဘူး။ ဘယ်ကောင်မှ လဲ မကြောက်ဖူး တဲ့ ဗျာ။
ကျွန်တော်တို့ခေတ်က ဗိုလ်ချုပ်တို့ ခေတ်မှ မဟုတ်တော့တာဗျာ။ ဗိုလ်ချုပ်တို့လောက်မစွမ်းသလို ဗိုလ်ချုပ်တို့ လိုလဲ လုပ်ဖို့တော့ မလိုတော့ပါဘူး။ ဒါပေမယ့် သမိုင်းတစ်ခေတ်ရဲ့ သားကောင်းရတနာတွေတော့ ဖြစ်ချင် ကြ ပေမယ်ပေါ့။ ကျွန်တော်လဲ ယောက်ျားထဲက ယောက်ျားတစ်ယောက်ပါပဲ။ အဲဒီတော့ ယောက်ျားစ ကားလေး နည်းနည်းပြောကြည့်ချင်တယ်။
“ငါ ယောက်ျားကွ၊ လက် . . .လက်ချင်း ခံရင်ခံရပစေ၊ ချမယ်။ တုတ် ... တုတ်ချင်းပေါ့။ ဓား ... ဓားချင်းဆိုလဲ ငါတို့ ကိုင်တဲ့ ဓနိခုတ်ဓားက ဘရိတ်ဓားထက် မြတယ်။ ယှဉ်ခုတ်ရဲပါတယ်။ ဟော ... ဟော လာနေပြီ သေနတ် တွေနဲ့ လဲဆိုရော .... ကျွန်တော်အပါဝင် သူငယ်ချင်းတစ်စု ပြေးလိုက်တာ အသံထက် မြန်တဲ့ လေယာဉ်ပျံတောင် ကျွန်တော်တို့ကို မှီမှာ မဟုတ်ဘူးနဲ့ ထင်တယ်။ အဲဒီလို ... အဲဒီလို ဖြစ်နေကြတာ။
ကြားထဲက ငထွားခါးနာမှာ ကြောက်လို့ နိုင်ငံရေးဆိုတာကြီးထဲကို ထဲထဲဝင်ဝင် မတိုးရဲကြတာပါ။
အမှန်တော့ ကြောက်စရာအဖြစ်တွေးနေကြတဲ့အတွက် နိုင်ငံရေးဆိုတာကြီးက ကြောက်စရာကောင်းနေတာ ပါ။ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ဟာ မှားချင်မှားမယ်။ မှန်ချင်လည်း မှန်မယ်။ ပွင့်ပွင့်လင်းလင်း ချပြရဲတဲ့ သတ္တိ ဟာဒီမိုကရေစီ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ စိတ်ဓာတ်လို့ပဲ ယူဆမိပါတယ်။။ ။ ။
မောင်ဗိုလ်ကလေး
Tags:
ဆောင်းပါး
Leave a comment