အိန္ဒိယ မေတ္တာရှင်ကြီး တဂိုးက ဖွင့်ဆိုသွားသည်။ ဘုရားသခင်၏ ၀တ်ရုံတို့သည် ဖုန်မှုန့်တို့ဖြင့်စွန်းပေလျှက်ရှိ၏။ တဂိုးမည်သည့်ဘာသာကိုးကွယ်သည်ကား အရေးကြီးလှသည် မဟုတ်။ တဂိုးဖွင့်ဆိုသော ဘုရားသခင်သည် ဘာသာအားလုံးအထွဋ်အမြတ်ထားရာ သက်ဆိုင်ရာ ဘုရားသခင်တို့၏ ဂုဏ်ပုဒ်တို့နှင့် ကိုက်ညီသည်ဟု ကျွနုပ်တို့ ရှုမြင်သုံးသပ်ပါသည်။
တစ်ချိန်တည်းတွင် ခရစ်ယာန်ဘာသာဝင်တို့အတွက် လူထူးလမြတ်ဖြစ်သည်။ `ဘုရားသခင်သည် ကျောက်တုံးတို့ကို ထုခွဲနေသော လမ်းဖောက်လုပ်သား ရှိရာအရပ်၌ရှိ၏။ ဘုရားသခင်သည် ကျောက်စရစ်ကုန်းမြေကို ထွန်ယက်နေသော လယ်ထွန်းသမားရှိရာအရပ်၌ ရှိ၏။´ ဟူသော တဂိုး၏ တင်စားချက်သည် ဘုရားသခင်၏ သရုပ်ကိုဖော်ညွှန်းခြင်းဖြစ်သည်။
ဘုရားသခင်၏ သရုပ်သည် မေတ္တာသရုပ်၊ ဂရုဏာသရုပ် ဖြစ်သည်။ ဘုရားသခင်ထံ၌ အစေခံမည့်သူသည် ဘုရားသခင်၏ မေတ္တာ ဂရုဏာတို့ကို အတုယူ၍ မိမိထက်နိမ့်ပါးသူကို ဖေးကူရန်လိုသည်။
ဘာသာရေးအားဖြင့် ဖေးကူခြင်းသည် `ကျင့်ဝတ်နှင့် ဂရုဏာ/မေတ္တာတို့ ကဲပြီး အချုပ်အနှောင်မဲ့၊ တိုက်ပွဲမဲ့၊ ခွင့်လွှတ်အနစ်နာခံခြင်းတည်း ဟူသော နည်းဖြစ်လေသည်။ နိုင်ငံရေးကား အနည်းငယ်ဆူဆူပူပူရှိသည်။ ငြင်းခုံမှုရှိသည်။ ခွင့်လွှတ်မှုရှိလျှင်သော်မှ တိုက်ပွဲရှိသည်။ ဒီမိုကရေစီကျင့်စဉ်သည် တိုက်ပွဲတွေကို သွေးသံမထွက်စေဘဲ အဆုံးသတ်စေသော်လည်း အရှုံးအနိုင် ရှိသည်။
အနိုင်သည် အကောင်အထည်ဖော်ရန်သာ ဖြစ်ပြီး / အရှုံးသည် ဤတစ်ကြိမ် အကောင်အထည်ဖော်ခွင့်မရ ဟူသော အဓိပ္ပာယ်သာဖြစ်ပြီး ချေမှုန်းခံရခြင်းမဟုတ်။ မိတ်ဆွေသင်မည်သည့်ဘက်က မည်သို့တိုက်ပွဲဝင်မည်နည်း။ သင် ဓမ္မ ဟု ထင်သောဘက်က တိုက်မည်ဟုမျှော်လင့်သည်။ သင့် ဓမ္မ နှင့် ကျွနုပ်တို့၏ ဓမ္မ တူလျှင်မိတ်ဆွေဖြစ်ပြီး မတူလျှင် ရန်သူ ဖြစ်မည်။ သွေးသံမထွက်စေဘဲ တိုက်ကြရန်ဖြစ်လေသည်။ လူများစုထောက်ခံလျှင် ယာယီအနိုင်ဖြစ်သည်။ `ဘုရားသခင်၏ ၀တ်ရုံတို့သည် ဖုန်မှုန့်တို့ဖြင့် စွန်းပေလျှက်ရှိသည်။´
Tags:
ဆောင်းပါး
Leave a comment