အကျဉ်းသားတွေ လွတ်မြောက်ရာလမ်း အတွက် စဉ်းစားချက်
အတွက် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ သဘောထားမှတ်ချက်ပေးခြင်း
ယခုနှစ်ရှည်ကျခံနေရသော ဦးဆေထင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ပဏ္ဍိတ် ထွန်း အစရှိသော ပုဂ္ဂိုလ်များသည် နိုင်ငံရေးအကျဉ်းသားများဖြစသည် သို့တည်းမဟုတ် တည်ဆဲဥပဒေချိုး ဖောက်သူများဖြစ်သည် ဟူသော အငြင်းပွားမှုသည် အရေးကြီးလှသည်မဟုတ်။
ထိုစဉ်က လမ်းပေါ်တွင်စီတန်းလှည့်လည်ခြင်း ၊ တရားဝင်ထုတ်ဝေခွင့်မရှိဘဲ စာရွက်စာတန်းများ ရေးသားဖြန့် ဝေခြင်း ထိုစဉ်ကာလ ဗွီဒီယိုအက်ဥပဒေ၊ အီလက်ထရောနစ်အက်ဥပဒေ၊ ခွင့်ပြုချက်မရှိဘဲ အခမ်းအနားပြုလုပ် ခြင်း စသည့်ကိစ္စများကို ကျူးလွန်ခဲ့ကြသည်မှာ မှန်ပေသည်။
သို့သော် တည်ဆဲအစိုးရအား လက်နက်စွဲကိုင်တော်လှန်မည်ဟု ယုံကြည်ကြသူများတော့ မဟုတ်ပေ။ ထိုသို့ မဟုတ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ယုံကြည် မည်ဟု ယူဆရပါသည်။
ထို့အပြင် အထက်ပါပုဂ္ဂိုလ်များ ပြုလုပ်သော လုပ်ငန်းစဉ်အားလုံးကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တယားအဖွဲ့ များအားလုံးသို့ သတင်းအချက်အလက်များရောက်ရှိသည်မှာလည်း ငြင်းဆိုဖွယ်မရှိချေ။ သို့သော် ထိုသည့်ကာ လ နိုင်ငံတော်တည်ငြိမ်ရေးအတွက် အလွန်များပြားလေးလံသော နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခဲ့ရခြင်းကိုလည်း (အကူးအပြောင်းကာလ တစ်ရပ်တွင် အကျယ်အကျယ်မငြိမ်းဖွယ်များကို ဟန့်တားရာရောက်သည်ဟုနားလည် ယုံကြည် အသိအမှတ်ပြုရပေလိမ့်မည်။)
သို့သော် ယနေ့အချိန်အခါတွင် လူထုရွေးကောက်တင်မြှောက်ထားသော လုထုအစိုးရ တစ်ရပ်ဟု နားလည်ရ မည့်ကာဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်ရှေ့ဆက်သွားမည့်် ခရီးလမ်းအတွက် အလွန်အမင်းဋိပက္ခဖြစ်ဖွယ်ရာများ ဆိတ်သုဉ်းနေသည့်ကာလဟု သတ်မှတ်ရပေလိမ့်မည်။ (အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအတွက် နည်းလမ်းများဆိုင်ရာ အမြင်ကွဲလွဲမှုများသာ ကျန်ရှိနေသည်ဟုယူဆရမည့်ကာလဖြစ်ပါသည်။)
ထို့ကြောင့် အချုပ်အားဖြင့် သုံးသပ်ရသော် ----
(၁) အဖမ်းဆီးခံ ပုဂ္ဂိုလ်များ၏ အခြေအနေ
(၂) ဖမ်းဆီးစဉ်ကာလ အခြေအနေ
(၃) မျက်မှောက်ကာလ အခြေအနေ
တို့ကို ထောက်ထားဆင်ခြင်ပါက နှစ်ရှည်အကျဉ်းသားများဟူသော မူဘောင်သည် လုံလောက်မှု မရှိပေ။ သို့ပါ၍ အကျဉ်းသားအားလုံး တပြေးညီ အကျိုးခံစားခွင့်ရှိသော နှစ်အကြီး အသေးအလိုက် အချိုးကျ ပြစ်ဒဏ်လျှော့ပေါ့ ခြင်းသည် အဆိုပါပုဂ္ဂိုလ်များအတွက် လိုက်လျှောညီထွေမှု မရှိနိုင်ဟု သုံးသပ်ရပါသည်။
သို့ဖြစ်ပါသောကြောင့် အဆိုပါ အငြင်းပွားခံ ပုဂ္ဂိုလ်များဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အခြေအနေများကို ပြန်လည်သုံးသပ်ပြီး လိုက်လျှောညီထွေရှိရန် ဆင်ခြင်ဆုံးဖြတ်ပေးရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
ပါတီ၏ ညွှန်ကြားချက်အရ
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
Tags:
နိုင်ငံရေး
Leave a comment