နိုင်ငံတော်သမ္မတကြီးထံအိတ်ဖွင့်ပေးစာ
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ စာချုပ်စာတမ်းများပြည်သူကိုချပြရန်
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ
တိုက်တွန်းတောင်းဆိုခြင်း
ရက်စွဲ ၂၂ - ၉ - ၂၀၁၁
မြစ်ဆုံရေကာတာစီမံကိန်းမဖြစ်မနေလုပ်မည်ဟုကြားသိရသည် ။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ က ကန့်ကွက်သည် ။ နိုင်ငံအတွက်အလွန်ကြီးမားသော / အလွန်အငြင်းပွါးဖွယ်ဖြစ်သော စီမံကိန်းကြီးကိုလုပ်မည် (သို့မဟုတ်) ရပ်မည် ဟု အလျင်စလိုမဆုံးဖြတ်သင့် ။
ပြည်ပနိုင်ငံတစ်ခုနှင့် စာချုပ် ချုပ်ဆို လုပ်ဆောင်သော ကိစ္စကြီးဖြစ်သည် ။ နိုင်ငံအတွက် မည်သို့သော ကောင်းကျိုး/ဆိုးကျိုးရှိသည် ၊ နိုင်ငံသားမည်မျှထောက်ခံ/ကန့်ကွက်နေသည်၊ နှစ်နိုင်ငံ အကျိုးစီးပွါး တွေမည်သို့ခွဲဝေသည် ၊ ဒေသခံ ပြည်နယ်နှင့် ပြည်ထောင်စု အကျိုးစီးပွါးမည်သို့ ခွဲဝေသည် ၊ နိုင်ငံလုံးချီ အဂတိလိုက်စားမှု ကင်းသည်/ရှိနေသည် - စသောကိစ်္စများကို ဖြေရှင်းရန်လိုအပ်သည် ။
ဝန်ကြီးတစ်ပါးပြောသော လုပ်နည်းလုပ်ဟန်ကို ကန့်ကွက်သည် ။ စည်းရုံးရေးမဆန် ။ ပွင့်လင်းမြင်သာမှုမရှိ ။ တရုပ်နှင့်စာချုပ်ဘယ်လိုချုပ်ကြောင်း အကျိုးစီးပွါးမည်သို့ခွဲဝေကြောင်း ပြည်သူကို ပွင့်ပွင့် လင်းလင်းထုတ်ဖော် တင်ပြဖို့ လိုသည် ။ ယခုအစိုးရသည် ပြည်သူခန့်ထားသော အစိုးရဟု ထင်မြင်ယူဆရမည် ။ ထို့ကြောင့် ပြည်သူ့ဆန္ဒကို အလေးဂရုပြုပြီး ပြည်သူကို တိုင်တည် တင်ပြရန် တာဝန်ရှိသည် ။
ယခုလတ်တလော နိုင်ငံရေးရာ ဦးဆောင်မှုရနေသူများအနေဖြင့် သဘာ၀၀န်းကျင်ဆိုင်ရာ စာတမ်း တွေနှင့် တင်ပြနေခြင်းသည် လုံလောက်ပြည့်စုံမှုမရှိ ။ အကျိုးစီးပွါး ခွဲဝေမှုကို ပွင့်လင်းမြင်သာစွာ ပြဆိုမှု လုံးဝ မလုပ်သေးကြောင်း တွေ့မြင်ရမည် ။
ရာထူးကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ လူသာဖြစ်သည် ။ အဂတိတရား လေးပါး လိုက်စား နိုင်ချေရှိသည် ။ မည်မျှရာထူးကြီးသူမဆို အဂတိလိုက်စားနိုင်သည် ။ အဂတိ လိုက်စား/ မစား အကဲခတ်ဖို့က ပွင့်လင်းမြင်သာဖို့ တစ်နည်းသာရှိသည် ။
စီမံခန့်ခွဲခွင့်ရှိနေသူတွေသာ အဂတိလိုက်စားဖို့ အခွင့်အလမ်းရသည် ။ စီမံခန့်ခွဲခွင့်မရသူသည် အဂတိလိုက်စားဖို့ အခွင့်အလမ်းမရခြင်းသာဖြစ်ပြီး အဂတိကင်းသူများဟု ယုံကြည်ရမည်မဟုတ် ။ ထို့ကြောင့် မည်သူ မည်သည့် နေရာရပြီး မည်သည့်လုပ်ငန်းကို လုပ်ဆောင်သည်ဖြစ်စေ ပွင့်လင်းမြင်သာမှု ပြဖို့ ပြည်သူက တောင်းဆိုရမည် ။
ယခုမြစ်ဆုံစီမံကိန်း မည်သို့ရေးသနည်း ။ နှစ်နိုင်ငံစာချုပ် မည်သို့ချုပ်ဆိုသနည်း ။ အကျိုးစီးပွါး မည်သို့ ခွဲသနည်း ပြဖို့လိုသည် ။
နိုင်ငံတော်သမ္မတကြီးသည် ဤနိုင်ငံ၏ လတ်တလော ဥသျှောင် ဖြစ်သည် ။ ၀န်ကြီးတွေ စီမံကိန်း တာဝန်ရှိသူတွေကို လမ်းညွှန်နိုင်သည် ။ ၀န်ကြီးတွေလာဘ်စားပါက ဖော်ထုတ်ရန် တာဝန်ရှိ သည် ။ ပြည်သူနှင့်အစိုးရကြား သံသယ ရှိနေသော် - ပွင့်လင်းမြင်သာမှု/စည်းရုံးဖျောင်းဖျမှု နှင့် ကြားဝင်ဟောပြောရန် တာဝန်ရှိသည် ။
အထက်ပါ ဆင်ခြင် သုံးသပ်မှုအရ - နိုင်ငံတော်အစိုးရအား အောက်ပါအချက်များ တောင်းဆို လိုက်ပါသည် ။
(၁) မြစ်ဆုံရေအားလျှပ်စစ်တည်ဆောက်ရန် ချုပ်ဆိုထားသော စာချုပ်စာတမ်းများ ပြည်သူသို့ ထုတ်ပြန်ရန်
(၂) အကျိုးစီးပွါး ခွဲဝေသော ကိစ္စများ တိတိကျကျ ထုတ်ပြန်ရန်
(၃) ရေတို ရေရှည် ထိခိုက်မှုကို မည်သို့ အာမခံကြောင်း ဖော်ပြရန်
(၄) ထိုဒေသကို နိုင်ငံရေးပါတီများအား လေ့လာခွင့်ပြုရန်
ပါတီ၏ညွှန်ကြားချက်အရ - ဥက္ကဌ မှ လက်မှတ်ရေးထိုးဖြန့်ဝေခဲ့ပါသည် ။ ဤ စာသည် မြစ်ဆုံကိစ္စတွင် အုတ်တစ်ချပ် အနေဖြင့် အကျိုးပြုခဲ့သည်ဟု ထင်မြင်ယူဆနိုင်ပါသည် ။ အဘယ့်ကြောင့်မူ များမကြာမီ နိုင်ငံတော်သမ်္မတကြီးမှ ရပ်ဆိုင်းရန် ကြေညာခဲ့ပါသည် ။
Tags:
အိတ်ဖွင့်ပေးစာ
Leave a comment