ပါးစပ်စစ်တိုက်ပါလား


တိုင်းရင်းသား လူမျိုးပေါင်းစုံစုဝေနေထိုင်ရာ ဖြစ်သောကြောင့် ပြည်ထောင်စုဟုခေါ်၏။ ပြည်ထောင်စုအတွင်း ဘာသာစကားမတူ၊ ကိုးကွယ်သည့် ဘာသာ သာသနာမတူ နေထိုင်ပြောဆိုမှု အစစအရာရာ ကွဲပြားသူတို့ အတူ နေထိုင်ကြသည်။ ထိုသို့ကွဲပြားခြားနားနေသော်လည်း တူညီသော စိတ်ခံစားမှုများ ရှိနေသည်ကို သတိ ပြုရမည်။ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေး ပန်းတိုင် သည် မျှော်လေ ဝေးလေ ဖြစ်နေဟန်တူသည်။ အဘယ်ကြောင့် မဆုံးသောခရီးရှည်ကြီးအဖြစ် ရှိနေသည်ကိုမူ စဉ်းစား သုံးသပ်သင့်တော့၏။ အစဉ်အဆက်အခါအားလျှော်စွာ စေ့စပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသော ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးမှုများသည် ယခုတိုင် ပြေလည်ချောမွေ့ခြင်းမရှိသေးသည့်အတွက် မည်သို့ကောက်ချက် ချရမည်ကိုပင် မစဉ်းစားတတ်အောင် ရှိတော့သည်။
တိုက်ပွဲများ ဖြစ်ပွားသည်။ တိုင်းရင်းသားဒေသခံများသည်တိုက်ပွဲများကြားတွင် မြေစာပင်ဖြစ်ရသည်။ စစ်ပြေး ဒုက္ခသည်များအဖြစ်နှင့် မိသားစုများစွား ဒုက္ခရောက်ကြရသည်။ ကလေးငယ်များ ပညာရေးဆုံးရှုံးရပြီး တိုင်း ပြည်၏အနာဂတ်မျိုးဆက်သစ်များ ပျက်စီးဆုံးရှုံးရခြင်းက အရှုံးများစွာဟု ဆိုနိုင်သည်။ မည်မျှဆုံးရှုံးသည်ကို ပင်မရေတွက်နိုင်အောင်ရှိသည်။ ခေတ်တွေလည်း ပြောင်းပြီ။ ဒီမိုကရေစီစနစ်ကိုလည်း ရောက်ပေပြီ။ အားလုံး မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ကား မရောက်နိုင်သေး။
ပြည်ထောင်စုအဖြစ် စုပေါင်းနေထိုင်သော ပြည်နယ်နှင့်တိုင်းခုနှစ်ခုတို့တွင် နယ်စပ်ဒေသများတွင် ဒေသခံ ပြည်သူများသည် စိုးတထိတ်ထိတ်ဖြင့် စိုးရိမ်ပူပန်နေရသည်ကို မြင်ယောင်မိသည်။ တန်းတူညီမျှရေး နှင့်် ဆက်စပ်စဥ်းစားကြည့်သော် ပြည်မဟုဆိုနိုင်သော နေရာများတွင် ဆူပူအကြမ်းဖက်မှုမရှိ ငြိမ်းချမ်းလျှက် ရှိသည် ဟုဆိုနိုင်ပြီး တန်းတူအခွင့်အရေးများ ဆုံးရှုံးနေရသော နယ်စပ်ဒေသပြည်သူများအတွက် စာနာသနားဖြစ် မိသည်။ ကျီးလန့်စာစား ဖြစ်နေကြရသော ပြည်သူများအကျိုးငှာ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ မနှေးအလျှင် ရောက်ရှိစေလိုတော့သည်။
တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးကို လိုအပ်သကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ဆောင်ရွက်ရေး အဖွဲ့များဖြင့် ကြိုးပမ်းလာကြသည်ကို လက်ခံကြရမည် ဖြစ်သည်။ မျှော်လင့်သလောက် ဖြစ်မလာသေးသော ငြိမ်းချမ်းရေးခရီးတွင် မည်သို့သောအကြောင်းအချက် များကြောင့် ပြေလည်မှု မရရှိနိုင်ဖြစ်နေရသနည်း။ ကချင်ပြည်နယ်မှ ဒေါက်တာတူးဂျာက အားလုံးကိုစားပွဲ ၀ိုင်းပေါ်တင်ပြီး တစ်ခုချင်းဖြေရှင်းသွားသင့်ကြောင်း Hot News ဂျာနယ်တွင်ပြောဆိုသွားသည်ကို ဖတ်ရသည်။ သင့်လျှော်သော အကြံပြုမှုဖြစ်ပေသည်။ သို့သော်ကား ငြိမ်းချမ်းရေး စကားဝိုင်းသို့မရောက်မီ သူ့အကျိုး ကိုယ့် အကျိုးတောင်းဆိုမှုများကြောင့် မပြေမလည်ဖြစ်နေရသည်ကိုလည်း သုံးသပ်မိသည်။ စိတ်ကူးယဉ်ဆန်စွား ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်လိုစိတ်ဖြစ်လာသည်။ အစိုးရဘက်မှတောင်းဆိုမှုများ၊ လက်နက်ကိုင် အဖွဲ့များမှ တောင်းဆိုမှုများနှင့် နှစ်ဦးနှစ်ဖက်ပြေလည် စိမ့်သောငှာ ဆောင်ရွက်ကြည့်ခြင်း ဖြစ်သည်။ ငြိမ်းချမ်း ရေးခရီးလမ်းကြီး ဆုံးသွားပါမှ ပြည်သူပြည်သားတို့၏ တန်းတူအခွင့်အရေးဟူသည်ကို ပုံဖော်နိုင်မည်ဟု ယုံကြည်သည်။ လိုတိုးပိုလျှော့လုပ်ရမည့် လုပ်ငန်းစဉ်များရှိပေမည်။ လိုတိုးပိုလျှော့လုပ်ငန်းစဉ်များကို ပြေလည် အောင်ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ မျှော်လင့်သလိုဖြစ်မလာ။ ပြည်ထောင်စုသားအချင်းချင်း အထင် လွဲ အမြင်မှားဖြစ်လာ၍ အခြေခံလူတန်းစားတွင် ခွဲခြားမှုများ၊ မကျေနပ်မှုများဖြစ်လာသည် အထိပင်။ စိတ်ကူး ယဉ်နေခြင်းဖြင့် ဖြစ်မလာနိုင်သော ငြိမ်းချမ်းရေးအတွက် တစ်ဦးတစ်ယောက်သာ လုပ်ဆောင်နိုင်သည်ဟူ သောအပြောမျိုးကိုလည်း မယုံကြည်။ ပြည်တွင်းလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကာယကံရှင်များဖြစ်ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် အစိုးရအာဏာ ပိုင်အဖွဲ့အစည်းခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်ပါသည်။
ဖြေလျှော့သင့်သော သူ့အကျိုး ကိုယ့်အကျိုးကို နှစ်ဦးနှစ်ဖက်မျှတအောင် ဖြေလျှော့ကြ၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းကြလျှင် အဆုံးမရှိသော ငြိမ်းချမ်းရေး ပန်းတိုင်သို့ရောက်ရှိမည်သာဖြစ်၍ လက်နက်အားကိုး စိုးမိုးခြင်းကို ရှောင်ရှားပြီး စားပွဲဝိုင်းတွင် ပါးစပ်စစ်တိုက်၍ ပြည်ထောင်စုသား တိုင်းရင်းသားအားလုံး ပူပင်သောကမရှိ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး တိုင်းပြည်၏ မြေပေါ်မြောက်အောက်မှ လက်နက်တန်ခိုးဖြင့် နိုင်ထက်ကလူပြုခဲ့ကြသော အာဏာရအဖွဲ့အစည်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို တောင်းဆိုလိုက်ရပါသည်။


နေသူရိန် (ဘိုကလေး)
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment