နားမျက်စိသာဖြစ်လိုပါ၏ ။ နားမျက်စိသာဖြစ်လိုပါ၏ ။ နားမျက်စိသာဖြစ်လိုပါ၏ ။ ဤသို့ သုံးကြိမ်သုံးခါ လေးလေးနက်နက် ဆန်္ဒပြုနေရသည်မှာ အကြောင်းထူးရှိလေသည် ။
ပီဒီပီသည် ““ဘော်ဒီ ””မလုပ်ချင် ။ ကိုယ်ထည်ကြီးထွားကျိုင်း ပြီး ခြေသည်လက်သည်မလုပ်ချင် ။ အော်ကြီးဟစ်ကျယ်လည်း မလုပ်ချင် ။ ကျစ်လစ်သိပ်သည်းပြီး နက်နက်ရှိုင်းရှိုင်းတူးဆွ ဖော်ထုတ်ထားသော နိုင်ငံရေးပြဿနာမျိုးစုံကို ပေးပို့ချင်လှပါ သည် - အဘယ်သူ လက်ခံရယူပါမည်နည်း ။
ထိုသို့ နက်နက်ရှိုင်းရှိုင်းတူးဆွထားသဖြင့် အရင်းအမြစ်ထိ ကိုင်စွဲမိသော ပြဿနာများကို ပီဒီပီအနေဖြင့် ဖြေရှင်းနည်းပူး တွဲတင်ဆက်ပြီး ပေးပို့ချင်လှပါသေးသည် - အဘယ်သူ လက်ခံရယူပါ မည်နည်း ။
ပြဿနာနှင့်အဖြေ ပူးတွဲဖော်ပြထားသော ပီဒီပီ၏ တင်ပြမှု များကို အဘယ်သူက လက်ခံဖြေရှင်းဆောင်ရွက်ပေးပါမည်နည်း ။ ခက်နေသည် ။ ပီဒီပီသည် ခြေသည်လက်သည် မလုပ်ချင်ရကြောင်း အမှန်ပင်ဖြစ်သည် ။ ပီဒီပီအနေဖြင့် နားမျက်စိဘ၀ဖြင့် ကျေနပ် နှစ်သိမ့်နိုင်ပါသည် ။
သို့သော် - သို့သော် - ပီဒီပီသည် နားမျက်စိ ဖြစ်ကာ မတ္တဖြင့် မြင်စေယုံ ကြားစေယုံမျှဖြင့် မလုံလောက် အငြိမ်မနေရ - ခြေတွေ လက်တွေ ပါရလွန်းပြီ ။ ခက်လှပါဘိတောင်း ။
ပီဒီပီ ဆန်္ဒနှင့်ဘ၀ တစ်ထပ်တည်းမကျ ။ တည်ဆဲအစိုးရ ၏ နားမျက်စိ ၊ အင်အားကြီးပါတီကြီးနှစ်ခု၏ နားမျက်စိ ဖြစ်လိုလှပါသည် ။ ယခုမူ အရေးယူဆောင်ရွက်မှုလေးကန်ဖင့်နွှဲသော အခြေ အနေ ၊ မထုံတက်တေး တုံ့ပြန့်မှုတွေကြောင့် ပီဒီပီလက်ပါနေရ လေသည် ။ နားမျက်စိသာဖြစ်လိုလှသော်လည်း ရိုးအလှသော တောသူ တောင်သားတွေမလုပ်တတ်မကိုင်တတ်ဖြစ်နေသဖြင့် ပီဒီပီသည် ရှေ့နေလုပ်
ရသည် ။ တက်ကြွလှုပ်ရှားသူလုပ်နေရသည် ။ အမှန်က ပီဒီပီ၏ မူသည် လူထုအများစီတန်း လှည့်လှည်ကြွေးကျော် အော်ဟစ်ရသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို မနှစ်သက် ။ ပါတီထူထောင်စဉ်ကာလကတည်းက သက်ဆိုင်ရာဥပဒေပြု လွှတ် တော် သို့တင်သွင်းလိုသည့် ဥပဒေမူကြမ်း ( ၅၂ ) ခုကိုပြဆိုထားခဲ့ ဘူးသည် ။ ထိုအထဲတွင် ““စီတန်းလှည့်လည်ဆန်္ဒပြခြင်း ကိုအစားထိုးသည့်အနေဖြင့် လူထုလက်မှတ် ကောက်ခံ၍ လူထု သဘောထား(လွှတ်တော်တွင်) တင်ပြနိုင်သည့်ဥပဒေ”” ဆိုတာမျိုးပါ ပါသေးသည် ။ ထိုဥပဒေ၏ အနှစ်သာရမှာ လူနည်းစု၏ အမြင်သဘော ထာများကို တည်ငြိမ်အေးချမ်းစွာဖြင့် လူများစုမြင်သာအောင် ဖော်ထုတ်ပြသ ခင်းကျင်းနိုင်ဖို့ဖြစ်သည် ။ ဆိုလိုသည်မှာ ““အငြင်းပွါးဖွယ်နိုင်ငံရေးရာ မကြေလည်မှု (သို့မဟုတ်) လူထုသဘောဆန်္ဒတစ်စုံတစ်ခုကို ဖော်ထုတ်ပြသလို သဖြင့် လူထုအများစီတန်းလှည့်လည်ကြရခြင်းဖြစ်သည် ”” အများမြင်သာသည့် လမ်းမပေါ်မှ လူနည်းစုတို့၏ဆန်္ဒကို လူများစု မြင်သာအောင်ပြကြခြင်းသာဖြစ်သည် ။ ထိုသို့ လမ်းမပေါ်မှတင်ပြရခြင်းသည် နိုင်ငံသားအခွင့်အရေး တစ်ရပ်ဖြစ်၍ခွင့်ပြုရမည်မှန်သော်လည်း အခြားအစားထိုး ဖြေရှင်းနည်း တစ်ခုပေးထားရန်လိုသည် - ဥပမာ ““ မဲဆန်္ဒနယ်တစ်ခု၏ သုညဿမတစ်ရာ ခိုင်နှုန်း သော လူထုက လက်မှတ်ရေးထိုး တင်ပြတောင်းဆိုလျှင် ထိုကိစ်္စနှင့်သက်ဆိုင်ရာ လွှတ်တော်တစ်ရပ် ခေါ်ယူပြီး - တောင်းဆိုသူလူထုခေါင်းဆောင်တစ်ဦးကို လွှတ်တော်တွင် တရားဝင်တင်ပြရှင်းလင်း ဆွေးနွေးခွင့်ပေးစေလိုသောဥပဒေမျိုးဖြစ်ပါ သည် ။ ယာယီ လစာမဲ့ တာဝန်မဲ့ (မဲပေးခွင့်မရှိ) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကဲ့သို့ တရားဝင်တင်ပြခွင့် ပေးလိုခြင်း ဖြစ်ပါ သည် ။ ထိုနည်းဖြင့်အစားထိုးနိုင်လျှင်ကောင်းလေစွ (စကားချပ်) ထားတော့ - ဤနေရာတွင်တင်ပြလိုသည်မှာ ပီဒီပီ သည် ထိုမျှလောက် နိုင်ငံတည်ငြိမ်ရေးကိုလိုလားလှပါသည် ဟူလို ။ ထို့အပြင် ပီဒီပီ အနေဖြင့် စာပေရေးသားဖြန့်ဝေကာမျှဖြင့် သက်ဆိုင်ရာ တို့က တာဝန်ယူဖြေ၇ှင်းစေလိုလှပါသည်ဟု တဖွဖွပြောခဲ့ဘူးပေါင်း များပြီမ ဟုတ်ပါလော ။ ယခုမူ ပီဒီက လူတွေ စပါးနှံတွေနှင့် လူတွေ တစ်လှေကြီး ခေါ်ပြီး ဆူးလေဘုရားကြီးကို သွားဖူးရသည် မှာအမော ။ ဟိုရုံးဒီရုံးရှေ့မှာ အုပ်စုအုပ်စု ရုပ်စုရုပ်စု နှင့် နေပူမရှောင်မိုးရွာမရှောင် လက်ယား လက်ယား လုပ်ရပေါင်းများပြီ ။
မထုံတက်တေး - လှုပ်လီလှုပ်လဲ့သော်မော်အရည်ပျော်တို့ ဖြင့် ဆက်လက်တုံ့ပြန်ကြပါဦးမည်လား ။ နားမျက်စိသာဖြစ်လိုပါ၏ ။
ပီဒီပီ အနေဖြင့် - ““ရေးပါရစေ xxx တွေးပါရစေ xxx နက်နက်ရှိုင်းရှိုင်းတူးဆွပါရစေ xxx ပြဿနာတွေ၏ အရင်းအမြစ် xxx ပြဿနာတို့၏ အဖြေ xxx တွေးပါရစေ xxx ရေးပါရစေ xxx အချိန် နှင့် အင်နာဂျီသည် အကန့်အသတ်ရှိသည်မဟုတ်ပါလော”” ထို့ကြောင့် - နားမျက်စိသာဖြစ်လိုပါ၏ ။

ပီဒီပီ
Tags:
ဆောင်းပါး
Leave a comment