ဘိုင် အီလက်ရှင် ( အစားထိုးရွေးကောက်ပွဲ ) နှင့်
ပတ်သက်၍
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ သဘောထားထုတ်ပြန်ခြင်း
ရက်စွဲ ။ ၂၁ . ၁၁ . ၂၀၁၁
ပြည်တွင်း ပြည်ပ သတင်း မီဒီယာများမှ မကြာခဏ အင်တာဗျူး မေးမြန်းနေသည်မှာ ဘိုင်အီလက်ရှင် ၀င်မလား ဟူသောမေးခွန်းဖြစ်ပါသည် ။ ကျွန်ုပ်တို့၏ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီသည် နိုင်ငံရေးကို စနစ်တကျ ဖြင့် ချဉ်းကပ်ဆောင်ရွက်နေသောပါတီဖြစ်ပါသည် ။
၂၀၁၀ ခုနှစ် မတ်လ ၂၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားသော '' မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီ၏ မူဝါဒသဘောတရား ၊ လုပ်ငန်းစဉ် နှင့်ဖွဲ့စည်းပုံ " ဟူသော (မှတ်ပုံတင်သည့်) စာအုပ်တွင် ရွေးကောက်ပွဲ နှင့် ပါတီ၏ ဆက်စပ်မှု ၊ လွှတ်တော် / လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီ၏ ဆက်စပ်မှု ၊ ပါတီ၏ ရေတိုလုပ်ငန်းစဉ် ၊ ပါတီ၏ ရေရှည်လုပ်ငန်းစဉ် များကို အတိအလင်း ဖော်ပြထားပါသည် ။
သို့သော် သတင်းမီဒီယာများအနေဖြင့် လေးလေးနက်နက်စိတ်ဝင်တစား ဖတ်ရှုခြင်းမပြုယုံ သာမက သတင်း၏ ကျေးကျွန်ဖြစ်နေသဖြင့် မက်ဆေ့ခ်ျ မမိဖြစ်နေသည်ဟု သုံးသပ်ပါသည် ။
ထို့ကြောင့် ( ၂၂.၃ . ၂၀၁၀ ) နေ့ထုတ် ပါတီ၏ မူပါ အထူးဖော်ပြလိုသော လုပ်ငန်းစဉ်များကို ပြန်လည်ဖော်ပြလိုက်ပါသည် ။
မူဝါဒစာအုပ် စာမျက်နှာ ၁၀ - စာကြောင်းရေ - ၉ - မှ -
ကျွန်ုပ်တို့သည် အသစ်ပေါ်ထွန်းလာသော ပါတီဖြစ်သည်နှင့်အညီ ၂၀၁၀ ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်အရွေးချယ်ခံနိုင်ရေးဟူသော ကိစ္စနှင့် ပါတီဝင်ဦးရေသတ်မှတ်ချက်ပြည့်မှီရေးဟူသော ကိစ္စသည် လုပ်ငန်းစဉ်တစ်ခုအဖြစ်ပါဝင်သော်လည်း ကျွန်ုပ်တို့၏ အရေးကြီးဆုံး အမြဲတမ်းလုပ်ငန်း တစ်ခုမဟုတ်ပေ ။
ပါတီဝင်ဦးရေကိုလည်း ကျွန်ုပ်တို့ပါတီသည် နိုင်ငံရေးနယ်တွင်ခြေချနိုင်ယုံနှင့် နိုင်ငံနယ် နမိတ်တစ်နံ တစ်လျားတွင် ကွန်ယက်သဖွယ်ချိတ်ဆက်နိုင်ယုံပမာဏကိုသာ အများဆုံး အနေဖြင့် စုဆောင်း မည်ဖြစ်ပေသည် ။
နိုင်ငံရေးပါတီဝင်များ အလွန်အမင်းဖောင်းပွပါဝင်နေခြင်းကို ကျွန်ုပ်တို့မလိုလားပေ ။ နိုင်ငံရေး အခြေအနေကို သိရှိခံစား နားလည်နိုင်သောရေချိန်ရှိသူများပြားလာစေရမည်ဖြစ်သော်လည်း နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်သာ နိုင်ငံသားတို့၏ဘ၀ကို မြုပ်နှံစေလိုသည်မှာ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဖြစ်ပေသည် ။
နိုင်ငံရေးနိုးကြားလျှက် ကုန်ထုတ်လုပ်ငန်းထဲတွင် ရှိနေစေလိုခြင်းဖြစ်ပါသည် ။ ကုန်ထုတ် လုပ်ငန်းအတွင်းရှိနေသော နိုင်ငံသားများ နိုင်ငံရေးအခြေအနေကို လွယ်ကူစွာ အစဉ်သတိပြုမိ နားလည်သုံးသပ်နိုင်စေရေးကိုသာ ဦးတည်ပါသည် ။
အရှည်သဖြင့်ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင် ရွေးကောက် တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များမဟုတ်ကြစေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများကိုဖြေရှင်း နိုင်မည့်နည်းလမ်းများ ရှာဖွေခြင်းနှင့် မိမိတို့ စုဆောင်းရရှိသော အချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင် အထည်ဖော်သည့် ယန္တယားအဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်း လုပ်ငန်းသည် အဓိကလုပ်ဆောင် မည့် အရှည်သဖြင့် လုပ်ငန်းစဉ်ကြီး ဖြစ်ပေသည် ။
လက်ရှိမူဝါဒရေးဆွဲချမှတ်သူများဆိုရာတွင် ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍အရွေးချယ်ခံခဲ့ ရသော လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရည်ညွှန်းသည်မဟုတ်ဘဲ မည်သည့် ပါတီမှဖြစ်စေ ၊ တစ်သီးပုဂ္ဂလဖြစ်စေ အရွေးချယ်ခံရသော ကိုယ်စားလှယ်များအားလုံး၏ အချက်အလက်စုဆောင်း ရှာဖွေပေးသော အဖွဲ့အစည်းတစ်ခုဖြစ်စေရမည်မှာ ကျွန်ုပ်တို့ရည်ရွယ်သည့် ပင်မလုပ်ငန်းစဉ် ဖြစ် ပါသည် ။
လတ်တလောပေါ်ပေါက်လာသော ပြဿနာများကိုဆွေးနွေးအဖြေရှာရာတွင်လည်း အစားထိုး ဖြေရှင်းနည်းကို မဖော်ပြနိုင်ဘဲလျှက် ကျွန်ုပ်တို့ဝေဖန်ထောက်ပြလိမ့်မည်မဟုတ်ပေ ။
ထို့အပြင်ကျွန်ုပ်တို့ဝေဖန်ထောက်ပြသော အစားထိုးဖြေရှင်းနည်းများကို မဖြစ်မနေ ကျင့်သုံး ရမည်ဟုဆိုလိုရာမရောက်ပေ ။ တည်ဆဲလွှတ်တော်အဖွဲ့ဝင်များ ဆွေးနွေး ညှိနှိုင်း မဲခွဲဆုံးဖြတ်မှု၏ အဖြေကိုသာ ကျွန်ုပ်တို့ ကြည်ဖြူစွာ လက်ခံမည် ။
သို့သော် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်များကိုကား ကျွန်ုပ်တို့မှ မီဒီယာတွင် လွတ်လပ်စွာ ဆက်လက်ဆွေးနွေးပေလိမ့်မည် ။
ဟူ၍ တရားဝင်အတိအလင်းရေးသားဖော်ပြခဲ့ပါသည် ။
မူဝါဒစာအုပ် စာမျက်နှာ ၂၂ - အခန်း(၇) အပိုဒ်(ခ)တွင် -
သင့်တော်ရာဥပဒေပြုလွှတ်တော်သို့တင်သွင်းမည့် ဥပဒေမူကြမ်းအချို့ ဟူ၍ ပါရှိပြီး ဥပဒေကြမ်း ၅၂ ခု ဖော်ပြခဲ့ပါသည် ။
မှတ်ချက် ။ ထိုအထဲမှ ဥပဒေကြမ်း ၁၀ ခုခန့် ကို လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး လည်းဖြစ်ပါသည် ။
မူဝါဒစာအုပ် စာမျက်နှာ ၂၅ - အခန်း(၇) အပိုဒ်(ဂ)တွင် -
အများစုဆုံးဖြတ်ချက်လွှမ်းမိုးခြင်းပြဿနာ၏အဖြေ ဟူ၍ အောက်ပါအတိုင်းပါရှိပါသည် ။
ကျွန်ုပ်တို့ ပါတီမှဤကဲ့သို့သော ဥပဒေမူကြမ်းများကို အများပြည်သူသို့ဖွင့်ထုတ်ပြသပြီး ကတိက၀တ်များပေးခဲ့ပါသော်လည်း အမှန်တကယ် ဥပဒေပြုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကြ သောအခါ ကျွန်ုပ်တို့ပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် အရေအတွက်နည်း ပါးခဲ့လျှင် မည်ကဲ့သို့ဖြစ်မည်နည်း ။
မဲအများစုမှ ကန့်ကွက်ခဲ့သော် ပါတီကြီးများမှလွှမ်းမိုး၍ မိမိတို့ အဆိုပြုချက်များ မအောင်မမြင်ဖြစ်တတ်သည်မှာ အမှန်ဖြစ်ပါသည် ။ သို့သော် ကျွန်ုပ်တို့သည် ဤသို့သော ဥပဒေမူကြမ်းအမျိုးအစားများကိုတင်သွင်းမည်ဟု ထုတ်ဖော်ပြောကြားသကဲ့သို့ အခြားသော ပါတီများကိုလည်း အများပြည်သူက မည်သို့သော ဥပဒေများ တင်သွင်းမည်နည်းဟု မေးမြန်းဆန်းစစ်စေလိုသော စေတနာကို အရင်းခံပါသည် ။
ထိုသို့ တိကျသေချာသော အသေးစိတ်မေးမြန်းဆန်းစစ်တတ်သည့် ( သတင်းမီဒီယာများနှင့် ပြည်သူလူထု) ၏ ရှေ့မှောက်တွင် နိုင်ငံအကျိုးပြုမည့် ဥပဒေများ ပေါ်ထွန်းပြဌာန်းလာနိုင်မည်မှာ မလွဲ ပေ ။
ထို့ကြောင့်ကျွန်ုပ်တို့ အင်အားအနည်းအများသည် ဥပဒေမူကြမ်းအတည်ပြုနိုင်ခြင်းနှင့်တိုက်ရိုက် ပတ်သက် လိမ့်မည်မဟုတ်ပါ ။ ကျွန်ုပ်တို့ ပါတီသည် ကနဦး စေ့ဆော် ဖော်ထုတ်ပြသနိုင်ကာမျှဖြင့် အများပြည်သူအတွက် အကျိုးပြုမည့် ဥပဒေများ ပြဌာန်းနိုင်လိမ့်မည်ဟု ခိုင်မာစွာယုံကြည်ပါသည် ။
ဟူ၍ - အတိအလင်းဖော်ပြထားပြီးဖြစ်ပါသည် ။
လက်တွေ့သာဓက
နာမည်ကြီးပုဂ္ဂိုလ်ကြီးအချို့မှ ကျွန်ုပ်တို့အား တိုးတိုးတိတ်တိတ် တားဆီးနေသည့်ကြားမှပင် မြေယာဥပဒေကြမ်းကို ဆိုရှယ်လစ်လမ်းကြောင်းမှ ဖယ်ခွါစေနိုင်ခဲ့ပါသည် ။ ကျွန်ုပ်တို့သည် ကနဦးအနေဖြင့် အစိုးရဟောင်း၏ ဘော်ဒီ " ဆဲလ် '' ထဲသို့ ၂၀၁၁ ခုနှစ် ၂ လပိုင်း ပထမပတ် တွင် မြေယာဥပဒေကြမ်းကို ပေးပို့ခဲ့ပါသည် ။ ၄၅ ရက်ကြာသည်အထိ တုံ့ပြန်မှုမရှိသည့်အတွက် အင်တာနက်မှစတင်ဖြန့်ဝေခဲ့ပါသည် ။ နှစ်ပတ်ခန့်အကြာ စာအုပ်ဖြင့်ထုတ်ဝေဖြန့်ချိပြီး ဆက်တိုက် ဆိုသလို နည်းလမ်းမျိုးစုံဖြင့်တင်ပြခဲ့ပါသည် ။
( ၁၉ . ၈ . ၂၀၁၁ ) မှ ( ၂၁ . ၈ . ၂၀၁၁ ) သုံးရက် နေပြည်တော်တွင်ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲတွင်လည်း နိုင်ငံတော်သမ္မတကြီး နှင့် အရေးကြီးနိုင်ငံရေးခေါင်းဆောင်များသို့ လက်ရောက်ဖြန့်ဝေခဲ့ပါသည် ။
မြေယာဥပဒေကြမ်းကို ပံ့ပိုးစေသော ဥပဒေအဟောင်းများကြောင့်ဖြစ်ပေါ်နေသော
" ဇေကမ္ဘာကုမ္ပဏီနှင့် ရွှေနံ့သာလယ်သမားများပြဿနာ"
" နိဒုံလယ်သိမ်းခြင်း နှင့် ဘိလပ်မြေစက်ရုံကိစ္စ "
" ချောင်းသာ ဒေသခံများနှင့် မေဖလားဝါး ၊ ပါဝါ၀င်း စသော ကုမ္ပဏီများ ပြဿနာ "
'' ညောင်တုံး လယ်သမားများနှင့် မြန်မာဘီလီယံဂရု ပြဿနာ "
" ထားဝယ်ရေနက်ဆိပ်ကမ်းပြဿနာ "
များကို ဥပဒေအဟောင်း ပယ်ဖျက်ရေး ဥပဒေသစ်ပါအချက်များပြည့်စုံစေရေးဟူသော ရည်ရွယ်ချက်ဖြင့် ဖော်ထုတ်ရေးသားဖြန့်ဝေခဲ့ပါသည် ။
ထိုသို့ဖြန့်ဝေရာတွင်လည်း -
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများလိပ်စာ စာအုပ်နှင့် အမျိုးသားလွှတ်တော် သို့လည်းကောင်း ( ပါတီမရွေး / လူချွန်ရွေး စနစ်ဖြင့် ) စာရွက်စာတမ်း စာအုပ်ဖိုးအလှူရှင် ဆရာဝန်မတစ်ဦး၏ အကူအညီဖြင့် ဖြန့်ဝေခြင်း ။ အင်တာနက် နှင့် ပြည်တွင်းပြည်ပ မီဒီယာ - စသဖြင့် တစ်စိုက်မတ်မတ်လုပ်ဆောင်ခြင်းအကျိုးကြောင့် ယခုအခါ - ဂရန် ဟူသော အမည်နာမ မပါခြင်းတစ်ခုသာလျှင် ဖြစ်ပြီး ကျွန်ုပ်တို့လိုလားချက်များ ၉၀ % ကျော် ပါဝင်သည့် မြေယာဥပဒေကြမ်းကြီး အတည်ပြုလာခဲ့ပေပြီ ဖြစ်သည် ။
ထို့ကြောင့် ကျွန်ုပ်တို့အား ဘိုင်အီလက်ရှင်ဝင်မလားဟူသော မေးခွန်းကို ဖြေဆိုရန် လိုမည်မဟုတ်တော့ပေ ။
အတိအကျ တဂျီဂျီမေးလျှင်ဖြင့် -
ရွေးကောက်ပွဲနေရာတစ်ခုအတွက် စာရွက်စာတမ်းဖိုး သိန်း ၂၀ + ကိုယ်စားလှယ်ကြေး လက်ရောက်လာရောက်လှူတန်းလျှင် မည်သည့်နေရာမှမဆို ၀င်ရောက်ယှဉ်ပြိုင်မည် ။ စာရွက်စာတမ်းကြေးကို မိမိတို့ နှစ်သက်ရာ ပုံနှိပ်တိုက်တွင် ပေးသွင်းနိုင် ပါသည် ။ ကျွန်ုပ်တို့ ပါတီမှ နှစ်သက်ရာ စာများကို ရိုက်နှိပ်ဖြန့်ဝေမည် ။ အနိုင်အရှုံးစိတ်မ၀င်စား ဟုသာဖြေရပေလိမ့်မည် ။ ရွေးကောက်ပွဲမပါဘဲ စာရွက်စာတမ်းဝေစေလိုလျှင်လည်း ရပါသည် ။
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဌာနချုပ် - အမှတ် ၂ / ၂ / ၂၃၂ ၊ မဟော်ဂနီလမ်း ၊ ထောက်ကြန့်တိုးချဲ့ ရပ်ကွက် ၊ မင်္ဂလာဒုံမြို့နယ် ။
Tags:
ထုတ်ပြန်ချက်
Leave a comment