မြေကြီး နှင့် ပြည်သူ အခန်း (၃)

 (၁ )
ကျွန်တော်တို့၏ မူလရင်းမြစ် ဇေကမ္ဘာ နှင့် ရွှေနံ့သာလယ်သမားများ ပြဿနာကား ပြီးဆုံးခြင်း မရှိသေး။ ဦးနေမျိုးဝေ ဦးနေမျိုးဝေ ရေးသားထုတ်ဝေသော “ထားဝယ်ရေနက်ဆိပ်ကမ်း အရှုပ်တော်ပုံ” နှင့် “ဇေကမ္ဘာ နှင့် ရွှေနံ့သာလယ်သမားများပြဿနာ” စာအုပ် နှစ်အုပ်အတွက် ရွေးကောက်ပွဲကော်မရှင်မှ အပြစ် ရှာလာတော့သည်။ ပုဂ္ဂိုလ်ရေး ထိခိုက်သော ရေးသားမှုများသည် ပြန်ကြားရေး ၀န်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းနှင့် မကိုက်ညီဟုဆိုကာ ပါတီလစဉ် စာအုပ်ထုတ်ဝေခွင့်အတွက် စပေါ်ငွေထားရှိရသော ငွေငါးသိန်းကို ဖြတ်မည်ဟူသတည်း။ ဖြတ်လိုကလည်း ဖြတ်စေ။ ထားဝယ်ရေနက်ဆိပ်ကမ်း အရှုပ်တော်ပုံသည် NGO တစ်ခုနှင့် ပူးပေါင်း ဖော်ထုတ်ထားခြင်း ဖြစ်သည်။ ငွေအဖြတ်ခံရလျှင် NGO မှ ဆက်လက်ထုတ်ဝေခွင့်ရရှိရေး စပေါ်ငွေအတွက် ပြန်လည်လှူဒါန်းမည် ဖြစ်သည်။ ထိုစာအုပ်များအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်လည်း ဦးနေမျိုးဝေကို တိုက်တွန်းသည်။ သို့ဖြစ်၍ ထိုသို့ရေးသားဖော်ထုတ်ခြင်း နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဆူးလေဘုရား အနီးရှိ City Star ဟိုတယ်တွင် ကျင်းပပြုလုပ်သည်။ ထိုနေ့တွင်ပင် ရက်တိုက်၍ ကျင်းပသလော့ ဟု မှတ်ရလောက်အောင် ဇေကမ္ဘာကုမ္ပဏီကလည်း ၎င်းတို့သိမ်းဆည်းရယူထားသော ရွှေနံ့သာလယ်မြေများ အရေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ လုပ်နေသည်။ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကလည်း လယ်ယာမြေများတွင် အထွက်တိုးသီးနှံများ စိုက်ပျိုးရေး တွေ့ဆုံပွဲ လုပ်နေသော ရက်ပင်ဖြစ်သည်။ ဇေကမ္ဘာသတင်းစာ ရှင်းလင်းပွဲ လုပ်သည်ကို ကျွန်တော်မသိရ။ ကျွန်တော်တို့ ဂျာနယ်တိုက်မှ အကြီးတန်း သတင်းထောက် ကိုဝင်းဦး သတင်းသွားရောက်ရယူသည်။ ဂျာနယ်ဒုမူ စိစစ်ရေးရုံး ကိုတင်ပြရန် ကျွန်တော်က ရုံးမှာသာ နေရသည်။ ဦးနေမျိုးဝေ၏ သတင်းစာရှင်းလင်းပွဲကိုလည်း နေ့လည် လောက်မှသာ လာနိုင်မည်ဟု ပြောလိုက်ရသည်။ ဦးနေမျိုးဝေ၏ သတင်းစာရှင်းလင်းပွဲကိုလည်း ကိုဝင်းဦးပင် သွားရောက်သတင်းရယူသည်။ နေ့လည်လောက်မှသာ စိစစ်ရေးရုံးသို့ မသင့်လျော်သည်များရှိက ဖြတ်တောက်ရန် ဒုမူ သွားရောက် တင်ပြရင်း ဦးနေမျိုးဝေ၏ သတင်းစာရှင်းလင်းပွဲကို ရောက်ဖြစ်သည်။ ဦးနေမျိုးဝေမှ ၎င်းအနေဖြင့် ယခုကဲ့သို့ ပြည်သူ့အရေးများကို ဖော်ထုတ်ရေးသား တင်ပြခြင်းသည် ပါတီ၏ မူဝါဒတစ်ရပ်ပင်ဖြစ်ကြောင်း ၊ ပါတီမှတ်ပုံ တင်စဉ်ကတည်းက ထိုအချက်များကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း ယခုကဲ့သို့ ပြန်ကြား ရေးမူနှင့် မကိုက်ညီဟု ဆိုပါလျှင် လုပ်စရာ အလုပ်ပင် ရှိမည်မဟုတ်ကြောင်း ၊ ထို့အတွက် ပြန်ကြားရေး၏ မူဝါဒကို ပြင်ဆင်သင့်ကြောင်းဖြင့် ပြောဆိုနေသည်။ ကျွန်တော်ရောက်ရှိသွားခဲ့ပြီး မကြာမီမှာပင် ဦးနေမျိုးဝေအား မေးခွန်းများ မေးနေကြသည်။ ထိုဟော ပြောပွဲသို့ လယ်သမားများလည်း တက်ရောက်သည်။ ထို့နောက် ဦးနေမျိုးဝေမှ ၎င်းအနေဖြင့် ထွက်ပေါ်လာ သောလယ်ယာမြေ ဥပဒေအပေါ် ထောက်ခံကြောင်း ၊ ၎င်းတို့ပါတီမှ ရေးသားတင်ပြ အကြံပြုခဲ့သော မြေယာ ဥပဒေနှင့် ၉၈ရာခိုင်နှုန်း တူညီပါကြောင်းဖြင့် ပြောဆိုသည်။ သူ့အနေဖြင့် လယ်သမားများ လယ်ယာမြေပိုင် ဆိုင်ရေးကိုသာ အဓိကထား တင်ပြခဲ့ကြောင်း၊ လက်ရှိ ဥပဒေအဟောင်းအရ အာဏာပိုင်များ မလိမ့်တပတ် လုပ်နိုင်သည်များရှိ၍ မသင့်တော်ကြောင်းဖြင့် ရှင်းလင်းပြောဆိုသည်။ ထွက်ပေါ်လာသော မြေယာဥပဒေအပေါ် ကန့်ကွက်နေသော ပညာရှင်များလည်း ရှိသည်။ ၎င်းတို့ အနေဖြင့် လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပေးပြီး ရောင်းချ ၊ ပေါင်နှံခွင့်ကိုပါ လယ်သမားများကို ပေးသည်ဖြစ်ရာ နောက်ပိုင်း လုပ်ငန်းရှင်ကြီးများ၏ လက်ဝယ်သို့ ရောက်ရှိသွားမည့် အရေးတွေးပူကြသည်။ အခြားသော ကန့်ကွက်မှုများလည်း ရှိပါသေးသည်။ ဦးနေမျိုးဝေနှင့်လည်း မတူ ၊ အခြားပညာရှင်များကဲ့သို့ ကန့်ကွက်ခြင်းလည်း မဟုတ်သူကား ရှေ့နေ ဦးဟန်ရှင်ဝင်း ဖြစ်သည်။ ဦးဟန်ရှင်ဝင်း လိုလားသည်မှာ လယ်ယာမြေများကို လယ်သမားများအား ပိုင်ဆိုင်ခွင့် ပေးပြီးသည့်အပြင် မိမိပိုင် လယ်မြေတွင် မိမိတို့၏ ဆန္ဒအရ စိုက်ပျိုးလိုသည့် သီးနှံစိုက်ပျိုးမည်။ အဆောက်အဦး ဆောက်လုပ်လိုကလည်း ဆောက်လုပ်မည် စသည်ဖြင့် လယ်မြေပိုင်ဆိုင်သူအလိုကျ လယ်ယာမြေကို စီမံခွင့် ရှိရန်ဖြစ်သည်။ ကျွန်တော် သတင်းစာရှင်းလင်းပွဲသို့ ရောက်ရှိပြီး မကြာမီမှာပင် အယ်ဒီတာချုပ်ရောက်ရှိလာသည်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေခြင်းအပေါ် တောင်းပန်သည်။ အခန်းအနား ပြီးလုပြီးခင် နိဂုံးချုပ်နေ ကြပြီဖြစ်သည်။ အယ်ဒီတာချုပ် နှင့်အတူ ဦးနေမျိုးဝေ ၊ ဦးတင်မောင်အေးတို့အား ဓာတ်ပုံတွဲရိုက်ပေးသည်။ အခမ်းအနားစရိတ်အတွက် လိုအပ်ငွေကို အယ်ဒီတာချုပ်က ပေးလိုက်သေးသည်။ အခမ်းအနားပြီးဆုံးသော အခါ ဦးနေမျိုးဝေအား ကျွန်တော်တို့ အယ်ဒီတာချုပ်နှင့် အခြား မီဒီယာမှ သတင်းထောက် တစ်ဦးတို့ အင်တာဗျူး ကြသည်။ ဦးနေမျိုးဝေက ၎င်းတို့၏ မေးမြန်းချက်များအပေါ် ဇေကမ္ဘာကုမ္ပဏီ လုပ်ကိုင်ဆောင် ရွက်ရာတွင် ဥပဒေကြောင်းအရ လွဲချော်မှု ၊ နိုင်ငံတော် ဟူသော အမည်ကို အလွဲသုံးစားလုပ်မှုများကို အဓိက ထားပြောဆိုသည်။
 (၂)
ဦးနေမျိုးဝေနှင့် ကျွန်တော်တွေ့ဆုံကြသောအခါ ဦးနေမျိုးဝေအား ရွေးကောက်ပွဲကော်မရှင်က ထိုသို့ ဆောင်ရွက်ခြင်းနှင့် ပတသက်၍ မေးမြန်းပြန်သည်။ “အဲဒီအရေးတွေမြင်လို့ ပါတီမူဝါဒတွေ တင်စဉ်ကတည်းက အဲဒီအချက်တွေ ထည့်ရေးထားတာပေါ့ကွာ။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲ ၀င်မယ့်သူမရှိမှာစိုးလို့ ဘာမှ မဖျက်ဘဲနဲ့ အခုမှ လာကြပ်လို့ ဘယ်ရမလဲ။ ဟေ့ကောင် ငါတို့ပါတီကို ရုပ်မြင်သံကြားကနေ လွှင့်ဖို့ပြောတယ်။ ဟောပြောချက်ကို ဆင်ဆာမဖျက်ဘူးဆိုရင် ပြောမယ်။ ဖျက်မယ်ဆိုရင် မပြောဘူးဆိုပြီး နေခဲ့တာကွ။” ဟုဆိုပြန် သည်။ ရွေးကောက်ပွဲ ကော်မရှင်က ထပ်ကြပ်ပြန်သည်။ အကြောင်းထူး ရှိသမျှ ဦးနေမျိုးဝေသည် သူ၏ကိုယ် ပိုင်မီဒီယာ facebook မှ ဖြန့်ဝေသည်။ နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် မြို့နယ်တစ်ခုသို့ ရောက် လျှင် ထိုမြို့နယ်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ အသိပေးအကြောင်းကြားရမည်ဟု ဆိုသည်။ ရွေးကောက်ပွဲကော်မရှင်၏ ပေးစာ ရရခြင်းကျွန်တော်ထံ အကြောင်းကြားသည်။ စိုးရိမ်စိတ် ဖြစ်မိသည်။ နိုင်ငံရေး လုပ်ငန်းများကို မည်သို့လွတ်လွတ်လပ်လပ် ဆက်လက်ဆောင်ရွက်မည်နည်း။ ဥာဏ်နည်းသော ကျွန်တော့်၏ စိုးရိမ်စိတ် မဆုံးသေးမီမှာပင် ဦးနေမျိုးဝေက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အသီးသီး သို့ပေးဝေရန် ပုံစံရိုက်၍ ဖြန့်ဝေလိုက်တော့သည်။ ရွေးကော်ပွဲ ကော်မရှင်၏ ပေးစာနှင့် သူ၏စာကို တွဲတင်ပြီး နောက် ထိုသို့ကြပ်သဖြင့်လည်း သူ့အနေဖြင့် ပို၍ အလုပ်မရှုပ်။ ရွေးကောက်ပွဲ ကော်မရှင်သာ အလုပ်ရှုပ်လိမ့် မည်ဟု ဆိုထားသေးသည်။ တကယ်ပင် သူ၏လက်စွဲအိတ်ထဲတွင် ရွေးကော်ပွဲကော်မရှင် အသီးသီးသို့ပေးပို့ရန် ဖောင်များကို မိတ္တူကူး၍ ထည့်ထားသည်။ ထိုသို့အကြပ်ခံရပြီး ရှေးဦးစွာ သူ၏ဇာတိမြို့ ဘိုကလေးသို့ ခဏသွားသည်။ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အကြောင်းကြားစာ သွားရောက်ပေးပို့ရာ ကော်မရှင်ရုံးမှာ သော့ပိတ်ထားသဖြင့် ခြံစည်းရိုးတံခါးကြားတွင် အကြောင်းကြားစာ ထားပေးခဲ့ကြောင်းဖြင့် ဟာသပြန်ပြောသည်။ သူရောက်လျှင် ရောက်ချင်း သတင်းထူးတစ်ခု ဖြစ်ပေါ်သည်။ ဘိုကလေးမြို့ ဆေးရုံသို့ ဗုန်းပေါက်ပြီး ဒဏ်ရာရသော လူနာများရောက်လာသည်။ ဘိုကလေးမြို့ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီရုံးစိုက်ရာသို့ လာရောက်ပြောဆိုသည်။ မည်သို့ဖြစ်ရသနည်း သွားရောက် စုံစမ်းသည်။ အကြောင်းမှာ ရေနံရှာဖွေရေးအဖွဲ့များ လာရောက်စဉ်က မပေါက်ကွဲပဲ ကျန်ခဲ့သော အကြွင်း အကျန်ဖြစ်သည်။ ဤသည်ကို ကျွဲကျောင်းသားလေးက အိမ်ကိုကောက်လာသည်။ အိမ်ရောက်မှ ပေါက်ကွဲရာ အိမ်ရှိ လူလေးဦး ဒဏ်ရာရသည်။ ကုသရန် ငွေကြေးအခက်အခဲရှိသဖြင့် အလှူခံပေးရန်လည်း ဆက်သွယ်ပြော ဆိုသည်။ သူ၏ facebook မှ ဓာတ်ပုံတင်ပေးလိုက်သည်။ ကျွန်တော်လည်း သတင်းရေးလိုက်သည်။ ဤသတင်း ကိုပင် ရွှေနိုင်ငံကလည်း သူ၏ facebook မှ ဓာတ်ပုံရယူ၍ ရေးသားတင်ပြသည်။ ကျွန်တော်၏ သူငယ်ချင်း ကိုနိုင်လင်းမှ လှူဒါန်းချင်သည်။ ငွေလည်းများများမရှိဟု ဆိုသည်။ သူနှင့်ကျွန်တော် နှစ်ဦးပေါင်း၍ ငွေတစ်သောင်းကို ဗုန်းစထိမှန်သော မိသားစုအတွက် ပေးလှူခဲ့ကြသည်။ သတင်းဖတ်ရှုပြီး အမျိုးသမီးတစ်ဦးမှ ငါးသောင်းကျပ်လှူသည်။
(၃)
အမှုများ အေးနေလျှင် နိုင်ငံရေးသမားတွေ ဘာလုပ်ကြသနည်း။ စာဖတ်သည်။ လိုအပ်ချက်ကို တွေ့လျှင် လိုအပ်သည့်နေရာအတွက် အလုပ်လုပ်ကြသည်။ ဤသို့ဖြင့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ဥပဒေ ပေါ်ပေါက်ရန် ဆန္ဒပြတောင်းဆိုဖို့ စီစဉ်ကြသည်။ နိုင်ငံရေးသမားတွေ စုပေါင်းပြီး စမွှေပြီ။ ဦးဝင်းချို၏ နေအိမ်တွင်စုဝေး၍ ဦးဝင်းချို၊ ဦးနေမျိုးဝေ ၊ ကိုဝေဠု နှင့် NDF ပါတီမှ ကချင်အမျိုးသမီးတစ်ဦး ဆန္ဒပြခွင့်ပြုရန် ဒဂုံရဲစခန်းသို့ သွားရောက်တင်ပြကြသည်။ စခန်းမှူးမှ ထိုသို့ ခွင့်ပြုချက်တောင်းခံသည်ကို ခွင့်ပြုပေးရန် ဥပဒေမရှိသေးကြောင်းဖြင့် ပြောဆိုသဖြင့် မရှိသေး ရင် ဥပဒေရေးစွဲဖို့ တိုက်တွန်းပြီး ပြန်ခဲ့ကြသည်ဟု ဆိုသည်။ ဦးဝင်းချို၏ အိမ်တွင် ၎င်းတို့ထပ်မံ စုဝေးပြန်သည်။ ကျွန်တော့်အား သတင်းလာရောက်ရယူရန် ပြောဆို သဖြင့် ရောက်ရှိသွားခဲ့သည်။ ထိုအကြိမ်တွင် ကိုအောင်မျိုးဦးလည်း ပါဝင်သည်။ ကိုအောင်မျိုးဦးသည် ဆန္ဒပြ ရာတွင် ပါဝင်ရန် ဖြစ်သော်လည်း ဆန္ဒပြမည့် အကြောင်းအရင်းကို မသိသေးပေ။ ထို့အတွက် မေးမြန်းသည်။ ဤသည်ကို ဦးနေမျိုးဝေမှ “ပျော်လို့ပြတာကွာ ၊ အပျော်ပြတာကွာ ၊ သူများတွေကတော့ မသိဘူး။ ဘယ်သူမှ မပါရင် ငါတစ်ယောက်တည်းပြမယ်။ ပျော်လို့ ဆန္ဒပြမှာ” ဟု ဘုဂလန့်ပြောသည်။ ကိုအောင်မျိုးဦးက အပျော်ပြတာဆိုရင်လည်း မပါတော့ဘူးဗျာ ဟု စကားဖြတ်၍ ထပြန်သည်။ ၎င်းတို့စကားဝိုင်းလည်း ပျက်သွား ပြီးဖြစ်ရာ ကိုအောင်မျိုးဦးနောက်မှ လိုက်ပြန်ခဲ့သည်။ လမ်းရောက်မှ ကိုအောင်မျိုးဦးအား မေးမြန်းဖြစ်သည်။ ဘယ်လိုဖြစ်တာလဲ။ အေးအေးဆေးဆေးလဲ မရှိဘူး ဟု မေမြန်းမိရာ - “အဲဒီလူက အဲလိုပဲ။ ငါနဲ့သူက တစ်ပါတီတည်း အတူတူ။ အလုပ်က လုပ်ချင်မှတွဲလုပ်တယ်။ ကိုယ့်ဆန္ဒ ပါမှ လုပ်မှာပေါ့ကွာ။ အကျိုးသင့်အကြောင်းသင့် မေးတာမှ မကြိုက်လည်း မတတ်နိုင်ဘူး” ဟုဆိုသည်။ ထိုအချိန်ကြမှ ဦးနေမျိုးဝေ နှင့် ကိုအောင်မျိုးဦးတို့ တစ်ပါတီတည်း အတူတူဖြစ်ကြောင်း သိရတော့ သည်။ ထိုသို့ ဦးနေမျိုးဝေမှ ဘုပြောခြင်း နှင့် ပတ်သက်၍ မေးမြန်းမိပြန်သည်။ ကိုအောင်မျိုးဦးကို ဘာလို့ အဲဒီလို ပြောတာလဲဟု မေးမြန်းရာ - “ငါက သူ့ကိုပြောပြီးသားကွာ။ ဖုန်းနဲ့ဆက်ပြီး ပြောထားတယ်။ ပါမယ်ဆိုမှ လာခဲ့။ မပါရင် မလာခဲ့နဲ့လို့ ပြောထားတယ်။ အဲဒါကို ဒီရောက်မှ ထပ်မေးနေလို့ ပြောလိုက်တာ” ဟုဆိုပြန်သည်။ ဤသည်ကား ဆန္ဒဖော် ထုတ်ခွင့် ဥပဒေပေါ်ပေါက်ရေး နိုင်ငံရေးသမားများ စတင်လှုပ်ရှားမှု ဖြစ်သည်။
 (၄)
 ထို့နောက် ဦးဝင်းချို နှင့် ကိုဝေဠုတို့လည်း လှိုင်သာယာ ၊ ပဒံကျေးရွာမှ လယ်သမားများအရေး ကိုင်တွယ်ကြတော့သည်။ ထိုသို့ဖြင့် နိုင်ငံရေး အင်အားစုများ ပို၍ ပူးပေါင်းမိလာကြသည်။ လှိုင်သာယာ လယ်သမားအရေးတွင် ကုမ္ပဏီများ ရယူထားသော လယ်မြေများသည် တန်ရာတန်ကြေးပေး၍ ရယူထားခြင်း မဟုတ်။ ထို့အပြင် နိုင်ငံတော်မှ ချမှတ်ထားသော စက်မှုဇုန်စီမံကိန်းများ ဖော်ဆောင်ရာတွင် သတ်မှတ်ကာလ အတွင်း ပြီးစီးမှု မရှိပါက မူလလက်ငုတ်များကို ပြန်လည်ပေးအပ်ရမည် ဟူသော အချက်များ နှင့် လွဲချော်လျှက် ရှိသည်။ ဤသို့ဖြင့် လယ်ယာမြေကိစ္စများအား နိုင်ငံရေးအင်အားစု အားလုံးပင် ဆောင်ရွက်လာကြတော့သည် ကိုသတိပြုရမည်။ လယ်မြေပြဿနာတို့၏ အစ “ဇေကမ္ဘာ နှင့် ရွှေနံ့သာလယ်သမားပြဿနာ”က ဟု ဆိုချင် ပါသည်။ လွဲချင်းလည်း လွဲပါလိမ့်မည်။ ကျွန်တော်ထင်သည့်အတိုင်း ပြောဆိုခြင်းသာ ဖြစ်ပါသည်။ ရွှေနံ့သာ လယ်မသမားအရေး စတင်ဆောင်ရွက်ပြီးနောက် ရွှေပြည်သာ စက်မှုဇုန်များအတွင်း သိမ်းဆည်းရယူထားသော လယ်ယာမြေများ နှင့် ပတ်သက်၍ ဦးနေမျိုးဝေ သွားရောက်ဆောင်ရွက်ပြန်သည်။ ကျွန်တော်က သူ့ထံမှ အချက်အလက်များ ရယူ၍ သတင်းရေးသည်။ ကျွန်တော်ကိုယ်တိုင်က သွားချင်တိုင်း သွားမရ။ ထို့နောက် ဦးနေမျိုးဝေ၏ သူငယ်ချင်း ဦးကျော်သူရမှလည်း ၎င်း၏ အလုပ်သမားများ လယ်ယာမြေ သိမ်းဆည်းခံထားရသည့် အရေးနှင့် ပတ်သက်၍ ဦးနေမျိုးဝေနှင့် တိုင်ပင်ပြန်သည်။ ဦးနေမျိုးဝေ ၊ ဦးကျော်သီဟ နှင့် ကျွန်တော်တို့ လှည်းတန်းတွင် ဆုံဖြစ်ကြသည်။ ဦးကျော်သီဟသည် NLD ပါတီဝင်ဖြစ်သည်။ ၎င်းလုပ်ဆောင်နေသော လုပ်ဆောင်ချက်တစ်ခုကို ကျွန်တော် အင်တာဗျူးဖြစ်သေး သည်။ စာပေနှင့် ပတ်သက်၍သာ ဖြစ်သည်။ စာကြည့်တိုက်များဖွင့်ထားသော်လည်း စာအုပ်မရှိ ၊ စာဖတ်မယ့် သူမရှိ။ ထိရောက်မှု အကျိုးနည်းပါးကြောင်း နှင့် သူ့အနေဖြင့် သူ့ဒေသသို့ လစဉ် သတင်းစာ ၊ ဂျာနယ်များကို တတ်နိုင်သ၍ ပို့ပေးကြောင်း ၊ ရွာရှိ နေအိမ်များကို တစ်အိမ်လျှင်တစ်စောင်နှုန်းသော်လည်းကောင်း ၊ နှစ်စောင် နှုန်းသော်လည်းကောင်း နာမည်တပ်၍ ပေးပို့ကြောင်း ၊ တစ်အိမ်က ဖတ်ပြီးလျှင် လက်ဆင့်ကမ်း၍ ဖတ်စေ ကြောင်း၊ ကိုယ့်ကို ကူညီပြီးလုပ်ပေးမယ့်သူ တစ်ဦး ထားရှိရကြောင်း ၊ ကိုယ်က ကားဖြင့်တင်ပို့လိုက်လျှင် ရွာအိမ်ပေါက်စေ့ လိုက်လံ ဝေငှပေးမည့်သူလိုအပ်ကြောင်း ၊ နယ်ပေါင်းစုံ အရပ်ပေါင်းစုံမှ ရန်ကုန်မြို့ပေါ်တွင် ရောက်ရှိနေသူများသူများသည် မိတို့ဇာတိသို့ ထိုသို့လုပ်ဆောင်ပေးခြင်းအားဖြင့် စာဖတ်အား ပိုမိုမြင့်လာနိုင် ကြောင်းဖြင့် ပြောဆိုသည်။ အပတ်စဉ် အသစ်ဝယ်၍ မပေးနိုင်လျှင် တစ်ပတ်အောက် နှစ်ပတ်အောက် ဂျာနယ်တိုက်များတွင် ဈေးချိုချိုဖြင့် ရနိုင်သည်ဖြစ်ရာ ကုန်ကျငွေလည်း မများကြောင်း ၊ မိမိအနေဖြင့် ကျေးရွာတစ်ခုအတွက်သာ တက်နိုင်လျှင် တစ်ရွာအတွက်သာ လုပ်ရန်လိုကြောင်း ၊ စာဖတ်ဝါသနာပါလာ၍ အပတ်စဉ် အသစ်ဝယ်ပို့ပေး ပါဟု တောင်းဆိုလျှင် ၎င်းတို့ဆန္ဒအရ ငွေစုပြီးပေးပို့လာလျှင် အသစ်ဝယ်၍ပင် ပေးပို့နိုင်ကြောင်းဖြင့် စာကြည့် တိုက်ထက် ပိုမိုထိရောက်မည့် စာဖတ်ရှိန်မြှင့်တင်ရေးကို သူလက်တွေ့လုပ်ဆောင်နေကြောင်းဖြင့် ရှင်းလင်း ပြောဆိုသည်။
(၅)
အခါတစ်ပါး ကြိုတင်ဆွေးနွေးညှိနှိုင်း၍ မြို့ရွာအိုးအိမ်နှင့်ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ လယ်သမားများ ချီတက်လာခဲ့ကြသည်။ ဦးနေမျိုးဝေက ရွှေနံ့သာလယ်သမားများကို ကားနှစ်စီးဖြင့် ဦးဆောင်လာသည်။ ဦးဝင်းချိုမှ လှိုင်သာယာ လယ်သမားများကို ဦးဆောင်လာသည်။ အိုးအိမ်ရုံးရှေ့တွင် စတင်၍ ရုတ်ရုတ်သဲသဲဖြစ် ခဲ့သောနေ့ပင် ဖြစ်သည်။ ဆိပ်ကြီးခနောင်တိုမှ လယ်သမားများလည်း ပါဝင်သည်။ ထိုလယ်သမားများကို ဦးစိုးကြည်မှ ဦးဆောင်သည်။ အိုးအိမ်ရုံးသို့ လာရောက်ရခြင်းမှာ သိမ်းဆည်းခံ လယ်မြေများနှင့် ပတ်သက်၍ အိုးအိမ်ဌာနတွင် တာဝန်ရှိသည်ဖြစ်ရာ လာရောက်မေးမြန်းရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်ပေါင်းများစွာလည်း ရောက်ရှိနေကြပေပြီ။ ရွှေနံ့သာလယ်သမားများ ကားစိုက်လျှင် ဦးနေမျိုးဝေက ပလက်ဖောင်းပေါ်တွင်သာ နေရာယူထားကြရန် ပြောဆိုပြီး ဦးဆောင်လယ်သမား ဦးကျော်စိန် နှင့် ဦးကျော်မြင့်တို့ကိုသာ လိုက်ပါရန် ခေါ်ဆောင်သွားသည်။ ရဲတပ်ဖွဲ့မှူးကြီး ရောက်ရှိလာပြီး ထိုသို့စုဝေးခွင့် မရှိကြောင်း ၊ အရေးယူနိုင်ကြောင်းဖြင့် ပြောဆိုသည်။ သို့ဆိုလျှင် လယ်သမားများ တစ်ဦးနဲ့တစ်ဦး နည်းနည်းစီ ခြားပြီး တစ်ယောက်စီသာ နေပါမည်ဟု ဦးနေမျိုးဝေက ပြန်ပြောလိုက်သည်။ လယ်မားများကိုလည်း လူစုခွဲထား သည်။ အိုးအိမ်ရုံးကြီး တံခါးပိတ်ထားသည်။ ဆင်ဝင်အောက်တွင် ရဲများ၊ နိုင်ငံရေးသမားများ၊ လယ်သမားများ၊ မီဒီယာအသီးသီးမှ သတင်းထောက်များနှင့် ခြေရှုပ်နေသည်။ အိုးအိမ်အရာရှိမှ ဦးဆောင်တဲ့သူတွေပဲ ၀င်ပါဟု ဆိုသဖြင့် ဦးနေမျိုးဝေ နှင့် ရွှေနံ့သာကျေးရွာမှ လယ်သမားခေါင်းဆောင်နှစ်ဦး ၊ ဦးဝင်းချိုနှင့် လယ်သမားအချို့ ၀င်သွားကြသည်။ မီဒီယာများမှ အပြင်တွင် ကျန်ရှိနေသော လယ်သမားများကို မေးမြန်းနေကြသည်။ အိုးအိမ်ရုံးတွင် မေးမြန်းသော အဓိကအချက်များမှာ - (၁) ရွှေနံ့သာကျေးရွာမှ လယ်မြေများနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီအား စက်မှုဇုန်(၄)အဖြစ် လုပ်ကိုင်ခွင့် ပြုထားခြင်း ရှိမရှိ။ (၂) လှိုင်သာယာမြို့နယ် ၊ အနော်ရထာ စက်မှုဇုန်အတွက် သိမ်းဆည်းထားသော လယ်မြေများ နှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပေါ် လယ်သမာများအား ပြန်လည်ပေးအပ်ရန် တောင်းဆိုပြီး ၊ မည်သို့ဆောင်ရွက်ပေးရန် ရှိပါသနည်း။ ဟူသောအချက်များမှာ အဓိကဖြစ်သည်။ ဆိပ်ကြီးခနောင်တိုဘက်မှ လယ်သမားများသည်လည်း ထိုနည်းတူစွာပင်။ နိုင်ငံတော်က သိမ်းဆည်းခဲ့ပြီးနောက် အခြားပုဂ္ဂလိကများ လက်ဝယ်သို့ လယ်ယာမြေများ ရောက်ရှိသွားပြီး မူလတောင်သူများ နေ့စားဘ၀ရောက်နေကြရခြင်း နှင့်ပတ်သက်၍ လယ်မြေများအား ပြန်လည် ပေးအပ်ရန် တောင်းဆိုကြခြင်းပင်ဖြစ်သည်။ ထိုနေ့တွင် ကိုအောင်မျိုးဦးလည်း ပါဝင်သည်။ ဦးနေမျိုးဝေ နှင့် ကိုအောင်မျိုးဦးတို့ ပြန်လည်လက်တွဲ လာကြခြင်းပင်ဖြစ်သည်။ မှတ်မှတ်ရရ ကျွန်တော်နှင့် facebook ပေါ်တွင်သာ ရင်းနှီးသော သတင်းထောက် မရွှေမှုန်နှင့် ကျွန်တော်တို့ စတွေ့သော နေ့လည်းဖြစ်သည်။ သူသည် ကြံ့ခိုင်ရေးပါတီမှ စာစောင်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပြောဆိုနေသော မြန်မာသံတော်ဆင့်တွင် သတင်းထောက်လုပ်ကိုင်လျှက်ရှိသည်။ ကျွန်တော် အနေဖြင့် ဦးနေမျိုးဝေတို့၏ လယ်ယာမြေကိစ္စများ အစအဆုံး သိရှိပြီး ဖြစ်သော်လည်း သူတို့အနေဖြင့် မသိရှိ သေးပေ။ ထို့အတွက် အင်တာဗျူးလိုသည်ဟု ဆိုသဖြင့် လမ်း(၄၀)ရှိ ဦးတင်မောင်အေး ဆိုင်သို့ သွားရောက်ခဲ့ သည်။ အိုးအိမ်တွင် မေးမြန်းစုံစမ်းရာ ရွှေနံ့သာလယ်မြေများ နှင့် ပတ်သက်၍ ဖုန်းဆက်အကြောင်းကြား ပေးပါမည်ဟု အိုးအိမ်အရာရှိ ဒေါ်ခင်မေအေးမှ ပြောဆိုလိုက်ကြောင်း သိရသည်။ ဦးဝင်းချိုတို့၏ လယ်ယာမြေ အတွက် မည်သို့အဖြေရသည်ကို မသိခဲ့ရ။ ထိုအချိန်မှစ၍ ဦးဝင်းချို နှင့် ကိုဝေဠုတို့၏ ပြည်သူ့အကျိုးဆောင်ကွန်ရက်တို့ ပူးပေါင်းကာ လှိုင်သာယာ အနော်ရထာ စက်မှုဇုန်အတွင်းတွင် လယ်ယာမြေတိုက်ပွဲ ဆင်နွှဲကြတော့သည်။ နိုင်ငံရေးသမား တို့၏ သဘောထားသည်ကား အကြောင်းကိစ္စတိုင်းအတွက် ယုံကြည်ချက်တူညီသည်မဟုတ်။ တချို့က အနုနည်းဖြင့် တိုက်မည်။ တချို့က အကြမ်းနည်းသုံးသင့်လျှင် ကြမ်းမည်။ အနုအကြမ်း ခရီးလမ်းတွင် နိုင်ငံရေး သမားများ လယ်ယာမြေတိုက်ပွဲများကို ဆက်လက်ဆင်နွဲကြပေလိမ့်မည်။

 နောင်တော်လေး (ဘိုကလေး)
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

(၁)
 မြေကြီး နှင့် ပြည်သူကို အစတည်၍ ကျွန်ုပ်တို့ စတင်ကိုင်တွယ်မိသော မြေယာပြဿနာသည် ဇေကမ္ဘာ နှင့် ရွှေနံ့သာ ပြဿနာဟု အစချီခဲ့ပြီး ဖြစ်သည်။ ထိုသို့ မီဒီယာမှ စတင်ဖော်ထုတ်လိုက်လျှင် ပြဿနာ စပေါ်ပြီ။ ထိုမြေသိမ်းဆည်းမှု နှင့် ပတ်သက်၍ တစ်ဖက်မှလည်း နိုင်ငံတော်ခွင့်ပြုချက်ဖြင့် သိမ်းဆည်းခြင်း ဖြစ်ကြောင်း ဖြင့်ပြောဆိုနေကြသည်။ နိုင်ငံတော်မှ သိမ်းဆည်းလျှင် နိုင်ငံတော်လုပ်ငန်းဆောင်တာများ ဖြစ်သော ၀န်ကြီးဌာန များမှ သုံးစွဲရမည်။ နိုင်ငံတော်သိမ်းဆည်း ရယူပြီးပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခွင့် မရှိကြောင်းဖြင့် ဦးနေမျိုးဝေ ဘက်မှလည်း ၁၉၅၃ လယ်ယာမြေသီးစားချထားရေး ဥပဒေ ၊ ၁၉၆၃ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ် ရေး ဥပဒေများမှ ထုတ်နှုတ်၍ တုန့်ပြန်ပြောဆို နေရပြီဖြစ်သည်။ ထိုစဉ်အတွင်း ဦးနေဝေမှ ကျွန်တော့်ထံ ထပ်မံဆက်သွယ်သည်။ ထားဝယ်ရေနက်စီမံကိန်းမှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအတွက် သွားမယ်။ မင်းလိုက်မယ်ဆိုရင် လေယာဉ်လက်မှတ် ၀ယ်ပေးမယ့် သူရှိတယ်။ အဲဒါလိုက်လို့ ရတယ်ဆိုရင် အကြောင်းပြန် ဟု ဆိုသည်။ ကျွန်တော် လိုက်ပါနိုင်ခြင်း မရှိခဲ့။ ဦးနေဝေ၊ ကိုပိုင်ဇော် နှင့် မဝေတို့ သွားကြသည်။ ထားဝယ်ဒေသတွင် သိမ်းဆည်းခံရသော လယ်ယာမြေ ကိစ္စများ လျော်ကြေးအပြည့်အ၀ မရရှိသည်များ ၊ စက်ရုံ အလုပ်ရုံများ ဆောက်လုပ်ရာတွင် သဘာဝ ပတ်ဝန်း ကျင်ကို စိုးရွားစွာ ထိခိုက်နိုင်မှု အခြေအနေများကို သုံးသပ်ရေးသားရန်ဖြစ်သည်။
 (၂)

 ဇေကမ္ဘာနှင့် ရွှေနံ့သာ ပြဿနာက ပြေလည်သွားခြင်းမရှိသေး။ ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော် စတင်ရေးသားမိသော ဆောင်းပါးမှာ “စက်မှုဖွံ့ဖြိုးရေး နှင့် လယ်ယာမြေကဏ္ဍ မျှတအောင် ဆောင်ရွက်ကြပါမှ” ဟူ၍ ဖြစ်သည်။ ကျွန်တော်တို့၏ အယ်ဒီတာလည်း ထိုသတင်းအပေါ် စိတ်ဝင်တစား Follow Up လိုက်လာ တော့သည်။ ဇေကမ္ဘာကမ္ပဏီက လယ်သမားများအပေါ် မလိမ့်တပတ်လုပ်ထားသည်ဟု ယူဆရသော စာရွက် စာတမ်းများကို ဂျာနယ်ပေါ်မှဖော်ပြခဲ့သည်။ ဦးနေမျိုးဝေ ထားဝယ်ဒေသမှ ပြန်လာပြီး “ထားဝယ်ရေနက်ဆိပ်ကမ်း အရှုပ်တော်ပုံ” စာအုပ်ကို ကိုပိုင်ဇော် ၊ မဝေတို့နှင့် ရေးသားလျှက်ရှိသည်။ ထိုစဉ်အတွင်း ဒေသခံများ၏ ထပ်မံဆက်သွယ်ချက်အရ ဦးလွင်မိုး (ရုပ်ရှင်သရုပ်ဆောင် လွင်မိုး)၏ ကုမ္ပဏီမှ မြေလျော်ကြေးမပေးရသေးသော မြေနေရာများတွင် ၀င်ရောက်မြေထိုး ရှင်းလင်းလျှက်ရှိကြောင်းဖြင့် ဆက်သွယ်ပြောကြားလာသည်။ ဒေသခံများ၏ ဆက်သွယ်ပြော ဆိုမှုအပေါ် ဦးနေမျိုးဝေမှ သူ၏ Facebook မှ ကိုလွင်မိုး၏ ကုမ္ပဏီမှ မြေလျော်ကြေးပေးချေခြင်း မပြုရသေး သော မြေနေရာများအတွင်း ဘူဒိုဇာများနှင့် ၀င်ထိုးနေပါသဖြင့် ဒေသခံများ မကျေဆိုသည့်အကြောင်း ရေးသား ဖြန့်ဝေလိုက်သည်။ ဤသည်ကို ကိုလွင်မိုးက သိရှိ၍ သူ၏ကုမ္ပဏီမှ ထိုသို့လုပ်ဆောင်ခြင်း မရှိပါကြောင်းဖြင့် ဦးနေမျိုးဝေအား ဆက်သွယ်ပြောဆိုလာသည်။ ကိုလွင်မိုး၏ ပြန်လည်ချေပပြောဆိုချက်ကိုလည်း သူ၏ facebook မှ ပြန်လည်ရေးသားပေးခဲ့သည်။ ဒေသခံမြေရှင်များကို အသေအချာစုံစမ်းခိုင်းရာ ကိုလွင်မိုး၏ ကုမ္ပဏီမှ လုပ်ကိုင်နေခြင်း မှန်ကန်ကြောင်း ၊ ဘူဒိုဇာနံပါတ် ၊ ယဉ်မောင်းအမည်များကိုပါ သိရှိရတော့သည်။ ဦးနေမျိုးဝေမှ သူ့ထံဆက်သွယ်လာသော ကိုလွင်မိုး၏ ဖုန်းနံပါတ်ကိုပါ တင်ပေးထားသဖြင့် ထိုညတွင်ပင် ကျွန်တော် ကိုလွင်မိုးထံ ဆက်သွယ်မေးမြန်း သည်။ သတင်းသမားတို့၏ သဘာဝအရ နှစ်ဖက်ပြောဆိုချက်ကို ရယူသင့်သည်ဖြစ်ရာ ကျွန်တော့်အနေဖြင့် ကိုလွင်မိုးထံ ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ ကိုလွင်မိုးရှင်းလင်းပြောဆိုသည်မှာ “မြန်မာကုမ္ပဏီများအနေဖြင့် ထိုင်းကုမ္ပဏီ၏ လုပ်ကွက်ချထားပေး မှုအပေါ် လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း၊ စီမံကိန်းမြေပုံပေါ်တွင် လျော်ကြေးပေးပြီး ၊ ညှိနှိုင်းဆဲ ၊ လျော်ကြေးမပေး ရသေးသည့် နေရာများကို အစိမ်းရောင် ၊ အ၀ါရောင် ၊ အနီရောင်ဖြင့် ပြသထားကြောင်း၊ ၎င်းတို့အနေဖြင့် အစိမ်းရောင် ခြယ်မှုန်းထားသော လျော်ကြေးပေးပြီးသည့် နေရာများကိုသာ ၎င်းတို့ကုမ္ပအနေဖြင့် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ၊ သတင်းများထွက်ပေါ်နေသကဲ့သို့ လျော်ကြေးမရခြင်းကြောင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြသည်မှာ မမှန်ကန်ကြောင်း ၊ လျော်ကြေး ထိုက်ထိုက်တန်တန်ရရှိ၍ ဒေသခံများ ပျော်ရွှင်နေကြောင်း ဖြင့် ပြောဆိုသည်။ မြေယာစီမံခန့်ခွဲမှု နောက်ကွယ်က အဂတိလိုက်စားမှုများကို မသိကျိုးကျွန်ပြု၍ ပြောဆိုခြင်းပင်လော့။ မသိရှိခြင်းကြောင့် ထိုသို့ပြောဆိုခြင်းလည်း ဖြစ်တန်ရာသည်။ ထားဝယ်ဒေသတွင် မြေလျော်ကြေး ၊ သီးနှံလျော် ကြေး အပြည့်အ၀ရ၍ ကျေနပ်နေကြသူများ ရှိပါသည်။ အချို့နေရာများတွင် မြေလျော်ကြေး ၊ သီးနှံလျော်ကြေး ပေးချေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့် မြေပိုင်သူများထံပေးချေခြင်းဖြစ်သည်။ ငွေပေးချေသူ ထိုင်းကုမ္ပဏီနှင့် ငွေရမည့်သူ လယ်သမားတို့ တိုက်ရိုက်ထိတွေ့ လုပ်ဆောင်ကြခြင်း မဟုတ်ပါ။ ထိုသို့ အာဏာပိုင်များကို တစ်ဆင့်ခံထား၍ လုပ်ကိုင်ကြရာတွင် အမျိုးမျိုးသော လှည့်ပတ်မှုများနှင့် ကြုံတွေ့ရ၍ ဒေသခံတောင်သူ မြေရှင်တို့ ရသင့်ရထိုက်သလောက် မရရှိခြင်းကြောင့် ပြဿနာများပေါ်ပေါက် လာရခြင်းသာ ဖြစ်ပေသည်။ ထို့အပြင် ရေကာတာမဆောက်လုပ်သင့်သော နေရာတွင် ရေကာတာစီမံကိန်းချမှတ်ထားရာ ဖြစ်ပေါ် လာမည့်ဆိုးကျိုးကို ဒေသခံများ သိရှိ၍ ကန့်ကွက်နေကြသည်။ အားလုံးကိုခြုံငုံ၍ ထားဝယ်ရေနက်ဆိပ်ကမ်း အရှုပ်တော်ပုံအဖြစ် ဦးနေမျိုးဝေက ပုံနှိပ်ထုတ်ဝေလိုက်သည်။
(၃)
 ဦးနေမျိုးဝေ ထားဝယ်မှ ပြန်ရောက်ပြီး အချိန်ဖြစ်ပေလိမ့်မည်။ ဇေကမ္ဘာကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်မှ ဦးနေမျိုးဝေ နှင့် ရွှေနံ့သာလယ်သမားခေါင်းဆောင်များဖြစ်ကြသည့် ဦးကျော်စိန် ၊ ဦးကျော်မြင့် ၊ ဦးအောင်ချစ် တို့နှင့် တွေ့ဆုံ၍ ညှိနှိုင်းသည်ဟု ပြန်လည်သိရှိရသည်။ ထိုသို့တွေ့ဆုံရန် ထောက်လှမ်းရေးတစ်ဦးမှ ကြားက အချိန်းအချက် ပြုလုပ်ပေးခြင်း ဖြစ်သည်။ ဦးနေမျိုးဝေ ယုံကြည်ထားသည်မှာဇေကမ္ဘာအနေဖြင့် လယ်သမားများ နှင့် ငွေကြေးညှိနှိုင်းအဆင်ပြေမှသာ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းပင်။ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နှင့် လယ်သမားတို့ ညှိနှိုင်းကြရာ လယ်သမားများက တစ်ဧကလျှင် သိန်း(၅၀) နှုန်းပေးမှ ကျေနပ်မည်။ ဦးမြင့်ဇော်မှ လျော့ရန်ပြောသည်။ ထိုသို့ဖြင့် ပြေလည်မှုမရခဲ့။ ထိုသို့ပြောဆိုကြစဉ် ဦးနေမျိုးဝေမှ ဦးခင်ရွှေအား နိုင်ငံရေးအရဖြစ်စေ ၊ စီးပွားရေးအရဖြစ်စေ ကူညီနိုင်ပါကြောင်း ပြောဆိုခဲ့သည်ဟု ပြန်လည် သိရှိရသည်။ ထိုစကားတို့သည် ကား၍ သွားသည်။ လယ်သမားတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်တင်စိန်အား Eleven ဂျာနယ်မှ မွန်သတင်းထောက်မလေး တစ်ဦးက အင်တာဗျူးသွားသည်။ လယ်သမားများသည်လည်း မွန်အုပ်စု ဖြစ်ရာ ဒေါ်တင်စိန်၏ ပြောဆိုချက်များကို အခြေပြု၍ ဦးနေမျိုးဝေမှ လယ်သမားများအတွက် တစ်ဧကလျှင် သိန်း(၅၀)နှုန်းတောင်းဆိုပေးကြောင်းဖြင့် ဖော်ပြရေးသားသည်။ ထို့ထက်ပို၍ ကားသွားသည်မှာ မန်နေဂျာမြင့်ဇော်၏ ချဲ့ကားပြောဆိုခြင်းပင် ဖြစ်ပါလိမ့်မည်။ ဇေကမ္ဘာ ဦးခင်ရွှေ၏သား ဇေသီဟမှ ၎င်း၏ facebook စာမျက်နှာမှ ဦးနေမျိုးဝေသည် သူ့အဖေထံတွင် အလုပ်တောင်း ကြောင်း ၊ သက်သေအဖြစ် လယ်သမားများပင်ရှိကြောင်းဖြင့် ရေးသားသည်။ ဤသည်တို့ကို လျစ်လျှူရှု၍ ထားလိုက်တော့သည်။ ထိုသတင်းထွက်ပေါ်လာခြင်းအတွက် လယ်သူမ ဒေါ်တင်စိန်အပေါ်တွင်လည်း ဦးနေမျိုးဝေ ဒေါသဖြစ် နေသည်။ တွေ့ဆုံကြခြင်းမှာ ထောက်လှမ်းရေးတစ်ဦး၏ စီစဉ်ပေးမှုဖြင့် တွေ့ဆုံကြခြင်းဖြစ်သည်။ ကျွန်တော် တို့၏ အယ်ဒီတာချုပ်မှာလည်း ဦးနေမျိုးဝေအပေါ် အမြင်လွဲ၍ ဇေကမ္ဘာမြင့်ဇော်အား အင်တာဗျူးကာ ဂျာနယ် ပေါ်မှ ဖော်ပြပေးသည်။ ဂျာနယ်စာမျက်နှာများသည် အယ်ဒီတာချုပ်အပိုင်ဖြစ်လေလာ သူဖြုတ်ချင်ဖြုတ် သူထည့်ချင်ထည့် (လုပ်ချင်ရာလုပ်)သာ ဖြစ်သည်။ ဇေကမ္ဘာကုမ္ပဏီသည် လန(၃၉)မကျမီမှာပင် လယ်မြေများကို ရောင်းစားထားပြီး ဖြစ်ကြောင်း သက်သေခံလျှက်ရှိပါသည်။ လယ်သမားများစိုက်ပျိုးလုပ်ကိုင်လျှက် ရှိနေဆဲအချိန်တွင် ၎င်းတို့ထံမှ ၀ယ်ယူထား သူတို့၏ အမည်များနှင့် ၀ယ်ယူထားသည့် ဧကတို့ကိုရေးသား၍ ဆိုင်းဘုတ်များ လာစိုက်တော့သည်။ ဒေါ်နန်းလင်းလင်းထွန်းအမည်ဖြင့် ၀ယ်ယူထားသည့်ဧက အများဆုံးဖြစ်သည်ကို သတိပြုမိသည်။ အခြား တိုင်းရင်းသား နာမည်များလည်း တွေ့ရသည်။ လယ်သမားများကို တစ်ဧကလျှင် ငွေသုံးသိန်းပေးပြီး လယ်မြေများကို ဆက်လက်စိုက်ပျိုးလုပ်ကိုင် နေကြရန် ပြောဆိုသော်လည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ဖျက်စီးလေပြီ။ လယ်မြေများတွင် လမ်းများဖောက် လုပ်နေပြီဖြစ်သည်။ ထိုဆိုင်းဘုတ်များလာထောင်ပြီး ဖယ်ရှားပေးရတော့မည် ဖြစ်ကြောင်းဖြင့် ဇေကမ္ဘာလုံခြုံ ရေးများမှတဆင့် ခြိန်းခြောက်ပြောဆိုမှုများ ၊ လယ်သမားများ နှင့် ထိပ်တိုက် ပဋိပက္ခများ ပေါ်ပေါက်လာတော့ သည်။ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ထိုလယ်မြေများကို ရောင်းချနေရာတွင် တစ်ဧကလျှင် သိန်း(၈၀၀)ထက် မနည်းသောဈေးနှုန်းဖြင့် ရောင်းချနေသည်ကို လယ်သမားများ သိရှိနေသည်။ ထို့အတွက် တစ်ဧကလျှင် သိန်း(၅၀)ခန့်ရမှ ကျေနပ်နိုင်မည်ဆိုသော လယ်သမားများ၏ ပြောဆိုချက်သည် လောဘရမ္မက်တက်သည်ဟု ဆိုနိုင်ပါသလော့။ ထိုသို့ဆိုပါလျှင် လယ်သမားများ၏ လောဘသည် ဇေကမ္ဘာ ဦးခင်ရွှေ၏ ဖင်ဖျားကိုပင် မမှီသေးဟု ဆိုရမည်သာဖြစ်သည်။ ဦးနေမျိုးဝေ ဦးဆောင်သော လယ်သမားများ နှင့် ဇေကမ္ဘာမြင့်ဇော်တို့ တွေ့ဆုံစဉ်ကလည်း ဦနေမျိုးဝေ မှ မည်၍မည်မျှပေးဟု တောင်းဆိုပေးခြင်းမဟုတ်ဘဲ လယ်သမားများ၏ တောင်းဆိုချက်သာဖြစ်ကြောင်းကို ဦးနေမျိုးဝေက ပြန်လည်ရှင်လင်းပြောဆိုသည်။ ဦးခင်ရွှေသည်လည်း Street View ဟူသော ကိုယ်ပိုင်မီဒီယာ ရှိထားသည့်အပြင် လျှပ်တစ်ပြက် ဂျာနယ်တွင်လည်း ဦးခင်ရွှေအလိုကျ လယ်သမားများကို တိုက်ခိုက်ရိုက်ရေးသားမှုများ တွေ့ရသည်။ ၎င်းတို့၏ လုပ်ရပ်သာ အမှန်ဖြစ်နေသည်။ ထိုမီဒီယာ နှစ်ခုနှင့်အပြိုင် Hot News ဂျာနယ်သည် လယ်သမားများဘက်မှ ရပ်တည်ရေးသားပေးနေခြင်း ဖြစ်သည်။ Hot News ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော လယ်သူမလေး နှင်းနန္ဒာ၏ ပြောဆိုချက်များ နှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီဘက်မှ လယ်သမားစာရင်းတွင် မနှင်းနန္ဒာဟူ သည်မရှိကြောင်းဖြင့် တုန့်ပြန်လာသည်။ Hot News ဂျာနယ် အယ်ဒီတာမှ မနှင်းနန္ဒနှင် သူ၏ခင်ပွန်း ဦးကျော်ဟိန်းတို့ကို ခေါ်ယူတွေ့ဆုံ၍ ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ အကြိတ်အနယ်ရှိနေစဉ်အတွင်းမှာပင် ဦးနေမျိုးဝေသည် လယ်သမားများဘက် မှ ငွေတောင်းပေးသည်ဟု အထင်ရောက်ကာ အယ်ဒီတာ ဒေါပွခဲ့လေသည်။ အယ်ဒီတာနှင့် ဦးနေမျိုးဝေတို့ ခပ်တန်းတန်းဖြစ်သွားခဲ့သော်လည်း ပြဿနာက အသောမသတ်နိုင် သေး။ လယ်သမားများကို မိမိတို့အစဉ်အဆက် လုပ်မြဲကိုင်မြဲ လုပ်ကိုင်နေကြရန်သာ အကြံပြု၍ ဦးနေမျိုးဝေ နှင့် လယ်သမားများလည်း ခပ်ခွာခွာ နေခဲ့ကြသည်။
 (၄)
ထိုစဉ်အတွင်း ဦးနေမျိုးဝေသည် ရေဒီယိုသတင်းမှ ကြားသိ၍ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ နိတုံ ကျေးရွာတွင် မြေသိမ်းမှုပြဿနာပေါ်ပေါက်လျှက်ရှိရာ ရောက်ရှိသွားပြန်သည်။ သူ၏ ပြန်လည်ပြောကြားချက် အရ “မော်လမြိုင်ကို ရောက်တော့ ဦးနိုင်ငွေသိန်းဆီ ၀င်တယ်။ သူ့ကိုလမ်းညွှန်တစ်ယောက်ထည့်ပေးဖို့ ပြောတော့ သူက စိတ်မချဘူးလို့ပြောတယ်။ ကိုယ့်ဟာကိုယ် ဆိုင်ကယ်ငှားပြီး ပေါက်ချသွားတယ်။ ဟိုရောက် တော့ ရွာသားတွေနဲ့တွေ့တာပဲ။ သူတို့ကိုကူညီဖို့သွားတဲ့ဟာကို ဘာလို့ သူတို့က ရန်ရှာမှာလဲ။ အဲဒီနယ်က DKBA နယ်မြေ။ ဦးနိုင်ငွေသိန်းကြီးက ငါ့ကို အဲဒီအတွက် စိတ်ပူနေတာ”ဟု ပြန်လည်ပြောဆိုသည်။ ထိုဖြစ်စဉ် မှာလည်း ဇေကမ္ဘာကုမ္ပဏီ၏ ပြဿနာပင်ဖြစ်သည်။ နိတုံကျေးရွာအနောက်ဘက်ရှိ ကျောက်တောင်မှ ဘိလပ် မြေထုတ်ယူရန် လမ်းဖောက်မည်။ ထိုသို့ဖောက်လုပ်ရန်အတွက် လယ်မြေဧက(၂၀၀၀) သိမ်းထားခြင်းပင် ဖြစ်သည်။ ထိုအမှုအား စတင်ကိုင်တွယ်ပြန်သည်။ ဇေကမ္ဘာကုမ္ပဏီမှ ထိုလယ်မြေများသည် ရေငံဝင်သဖြင့် စိုက်ပျိုးဖြစ်ထွန်းခြင်း မရှိဟု ဆိုကာ အကြောင်းပြသည်။ လန(၃၉)လျှောက်ထား ရယူရန် ပင်ဖြစ်သည်။ လျော်ကြေးငွေကိုလည်း ထိုက်ထိုက်တန် တန်ပေးချေခြင်းမဟုတ်။ ထို့အတွက်ကြောင့် လယ်သမားက မကျေမနပ်ဖြစ်နေကြခြင်းသာ။ ဇေကမ္ဘာကုမ္ပဏီမှ ရေငံဝင်သည်ဟူသော ချောင်းမှာ တောင်းကျချောင်း ဖြစ်၍ ရေငံဝင်ရောက်ခြင်း မရှိ။ နိတုံကျေးရွာ အနောက်ဘက် ကျောက်တောင်ကြီးဘေးကို ချောင်းထဲမှလည်း သွားလို့ရသည်။ ထိုချောင်းထဲမှ ရေတစ်ဘူးခပ်လာသည်။ ရေငံလား ရေချိုလား သက်သေပြရန်ပင်ဖြစ်သည်။ သူကိုယ်တိုင် လှေနှင့် ချောင်ကြို ချောင်ကြားအထိ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကို ကျွန်တော့်အား ပြောပြ၍ အယ်ဒီတာ အားပြောဆိုရှင်းလင်းပြရန် နှင့် ပြန်လည်ဆက်သွယ်ခိုင်းသည်။ ကျွန်တော့်အနေဖြင့် အုပ်ချုပ်ရေးမှူး နှင့် အယ်ဒီတာချုပ်တို့အား ပြောပြလိုက်သည်။ စိတ်ဝင်စားသည် ဆိုပါလျှင် အသေးစိတ် သိရှိရန် ထပ်သွားပေးမည်။ လမ်းစရိတ်နှင့် သတင်းထောက်တစ်ယောက် ထည့်ပေးလိုက်ဖို့ ပြောသည်။ ဖြစ်နိုင်လျှင် ကျွန်တော့်ကို လိုက်စေချင်သည်။ သို့သော် ဂျာနယ်တိုက်က ကျွန်တော့်ကို မလွှတ်။ သတင်းအယ်ဒီတာကိုသာ ငွေပေးင ထည့်လိုက်သည်။ အချက်အလက်များ ရရှိခဲ့ပါသည်။ သို့သော် ဦးနေမျိုးဝေနှင့် သတင်းအယ်ဒီတာတို့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သည်ကို ပြန်လည်သိရှိရသည်။ ဦးနေမျိုးဝေ၏ သုံးသပ်ချက်နှင့် လယ်သမားများ၏ ပြောဆိုချက်များဖြစ်သည့် လယ်ယာမြေတွင် လုပ်ကိုင်ခဲ့သည့်အခြေအနေတို့ကို စာမျက်နှာ(၄)မျက်နှာခန့် ဖော်ပြလိုက်သည်။ ဦးနေမျိုးဝေ၏ သုံးသပ်ချက်မှာ လမ်းဖောက်လုပ်မည်ဆိုက တစ်ကွင်းလုံး ပတ်သိမ်းရန်မလိုပဲ လမ်းဖောက်လုပ်မည့် အတိုင်းအတာကိုသာ သိမ်းဆည်းရန် လိုကြောင်းဖြင့် သုံးသပ်ထားသည်။ သိမ်းဆည်းထားသည့် လယ်မြေဧရိယာမှာ ဧက(၂၀၀၀) ဖြစ်သည်။ ဤသတင်းကိုပင် ဘိလပ်မြေထုတ်ယူမည်ဟူသော လှပသည့်ကျောက်တောင် ကြီးကို နောက်ကျောဖုံးထား၍ ကောက်စိုက်သမများ၏ ပုံဖြင့် ဖော်ပြခဲ့သည်။ ဤသို့ဖော်ပြလိုက်ပြီးနောက် လယ်သမား များ ကံကောင်း ၊အကြောင်းလှစွာပင် လယ်ယာမြေများပြန်လည် ရရှိသွားတော့သည်။ နိုင်ငံတော်မှ သိမ်းဆည်း ခွင့်ပြုထားသည်မှာ ဧက(၂၀၀)သာဖြစ်ပြီး ဧက(၂၀၀၀) သိမ်းဆည်းခွင့် ပြုထားခြင်း မဟုတ်ကြောင်း ပေါ်ပေါက် သည်။ ကျွန်တော်တို့အတွက် သာဓက တစ်ခုမှာ “ နိုင်ငံတော်က ဧက(၂၀၀)ခွင့်ပြုလျှင် ဒေသခံ အာဏာပိုင် နှင့် ပူးပေါင်းကာ ဧက(၂၀၀၀) သိမ်းသည်” ဟူ၍သာ။ ဤသည်ကား မြန်မာနိုင်ငံ တစ်နံတလျှား ထိုသို့မှတ်သား ရမည့် သာဓကပင်ဖြစ်သည်။ ထိုသို့ဖော်ပြပါရှိပြီးနောက် လယ်မြေဧက (၁၈၀၀)ကို တောင်သူများ ပြန်လည်ရရှိသွားတော့သည်။ ဤသည်ကပင် မြေယာမှုခင်းများထဲမှ ဦးဦးဖျားဖျား အနိုင်ရမှု တစ်ခုဟု မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ကျွန်တော်တို့၏ မူလဇတ်မြစ် “ဇေကမ္ဘာ နှင့် ရွှေနံ့သာလယ်သမားများ၏ ပြဿနာ” မှာမူ မည်သည့်အချိန် မှ အဆုံးသတ်နိုင်မည်ကို မခန့်မှန်းနိုင်သေးပေ။ နိတုံအရေးနှင့် ပတ်သက်၍ လယ်မြေဧက (၁၈၀၀)ပြန်လည် ရရှိသွားသည့်တိုင် ပြဿနာ ပြီးဆုံးပြီဟု မမှတ်ယူသင့်သေးပါ။ နောက်ဆက်တွဲ ဖောက်လုပ်မည့် တာလမ်းမကြီးကြောင့် ဒေသခံတို့ရင်ဆိုင်ရမည့် ပြဿနာများကို အခြားသော လယ်ယာမြေမတရားသိမ်းဆည်းမှုများ နှင့် ပူးတွဲ တင်ပြပါဦးမည်။

 နောင်တော်လေး (ဘိုကလေး)
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

(၁)
ကလင် … ကလင် … ကလင် ဖုန်းခွက်မှ အသံမြည်နေသော်လည်း နှစ်ယောက်သား မည်သူမျှ မကိုင်ကြသေး။ ကိုဝေလင်း နှင့် ကျွန်တော်နှစ် ဦးသာ ဂျာနယ်တိုက်တွင် ရှိပြီး ကိုဝေလင်းက အင်တာနက်ဓာတ်ပုံများ ရှာနေသည်။ ကွန်ပျူတာကိုသာ အာရုံစိုက်လျှက် ရှိသည်။ ဂျာနယ်တိုက်တွင် ကျွန်တော်၏ တာဝန်မှာလည်း အင်တာနက်ပိုင်းဆိုင်ရာ အဓိက ဖြစ်သည်။ သတင်းကို စိတ်ဝင်စားသည့်တိုင် သတင်းလိုက်သည်အထိ လုပ်ကိုင်ခြင်း မရှိသေး အပတ်စဉ် ဆောင်းပါးလေးတစ်ပုဒ်မျှရေး၍ အွန်လိုင်းတာဝန်ခံ အဖြစ်လုပ်နေခြင်း ဖြစ်သည်။ ဖုန်းလာနေပါလျှက် မကိုင်လျှင် မသင့်တော်ဟု ယူဆပြီး ကိုဝေလင်းအား ကိုင်ခိုင်းလို့ မရသည့် အဆုံး ကျွန်တော် ဖုန်းထကိုင်လိုက်သည်။ ဖုန်းထဲမှ အသံသည် ပြတ်သားသည်။ မာထန်သည်။ ဟဲလို ... ဟု နှုတ်ဆက်လိုက်လျှင် တဖက်မှ ဂျာနယ်တိုက်ကလား ဟု မေးမြန်း၏။ ဟုတ်ပါတယ်ဗျာဟု အဖြေပေးပြီးနောက် ဒေါ်လာဈေးကျခြင်း နှင့် မြန်မာ ငွေမာခြင်း အကြောင်းအရင်း နှင့် ပတ်သက်ပြီး သူရေးထားတဲ့ ဆောင်းပါးကို ဂျာနယ်တစ်ခုက သုံးမယ်ပြောပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မထည့်ဖို့ပြောတဲ့အတွက် မထည့်ဘူးလို့ ဆိုတယ်။ အဲဒါကို မင်းတို့ အယ်ဒီတာနဲ့ တွေ့ပြီး သုံးချင်တယ်ဆိုရင်လည်း သုံးစေချင်တယ်။ အဲဒီအကြောင်းကိုလည်း ရှင်းပြချင်တယ်ဟု ဦးနေဝေမှ ပြောနေသည်။ ထိုစဉ်က ဂျာနယ်များမှ ထုတ်တင် စနစ်သို့ မရောက်သေး။ တင်ထုတ် စနစ်ဖြင့် လုပ်ကိုင်နေကြရသည် ဖြစ်ရာ သူ့ဆောင်းပါးကို စာပေစိစစ်ရေး တင်အပြီးမှာ ထိုသို့ ပိတ်ပင်ခြင်း ခံရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ဦးနေဝေမှ အယ်ဒီတာနဲ့ တွေ့ချင်တယ်ဟု ဆိုသော်လည်း ကျွန်တော်တို့အယ်ဒီတာမှာလည်း မအား မလပ်ရှိလှသည်။ ကျွန်တော့်အနေဖြင့် တွေ့ဆုံမေးမြန်း၍ ရမည်ဆိုလျှင် ကျွန်တော်လာခဲ့ပါမည်ဟု ပြန်လည် ပြောဆိုလိုက်ရာ သူ့ဆီလာရင်ဝေးမယ်။ တစ်နေရာမှာ ကြားချပြီး ချိန်းလိုက်။ မင်းလည်းထွက်ခဲ့။ ငါလည်း ထွက် လာခဲ့မယ်ဟု ဆိုပြီး (၈)မိုင်သို့ ချိန်းဆိုလိုက်သည်။ တစ်ခါမှ အသံဖမ်းစက်(Recorder) မကိုင်သေးသော ကျွန်တော် ကိုဝေလင်းအား အကျိုးအကြောင်း ပြောပြသည်။ ကိုဝေလင်းက မင်းသွားလိုက်ကွာ ပြီးရင် မင်းပဲရေးလိုက်ဟု ဆိုသဖြင့် သူ့ဆီမှ Recorder တစ်လုံးယူ၍ ရှစ်မိုင်သို့ထွက်ခဲ့တော့သည်။ ရှစ်မိုင်သို့ရောက်သော် သူစောင့်ကိုယ်စောင့် ဖြစ်နေသည်။ သူပြောသည့်နေရာမှာ ကျွန်တော်မရှိသဖြင့် စတွေ့ခါစမှာပင် ကျွန်တော့်အား ဟိန်းတော့ ဟောက်တော့သည်။ ဦးနေဝေမှ သူပါတီထုတ်စာစဉ်များ ထုတ်ပြ၍ သူ့ရေးသားထားသော မြန်မာငွေမာခြင်း နှင့် ဒေါ်လာဈေးကျခြင်း အကြောင်းကို ရှင်းလင်းပြောဆိုတော့သည်။ ဒေါ်လာဈေးကျခြင်းသည် များစွာ ထိခိုက်ခြင်း မရှိကြောင်း ၊ ဒေါ်လာဈေးကျခြင်း၏ နောက်တွင် စပါးဈေးကျ ကောင်းကျမည်။ စပါးဈေးကျသည့်နည်းတူ ပြည်ပမှ တင်သွင်းသော အီလက်ထရောနစ် ပစ္စည်းများလည်း လိုက်ကျသည်ဖြစ်၍ အားလုံးတပြေးညီလည်ပတ်သည့် သဘောကို ရှင်းပြနေခြင်း ဖြစ်သည်။ ထိုသို့ လိုရင်း ကိစ္စကို အင်တာဗျူးရာတွင်လည်း ထိုင်မိသည့် လက်ဖက်ရည်ဆိုင်မှာ သီချင်းဖွင့်ထားသည်ဖြစ်ရာ မေးသူကလည်း အသံကုန် ဖြေသူကလည်း အသံကုန် ဖြေနေရသည်။ ဘေးဝိုင်းမှ လူများပင် အာဘောင်အာ ရင်းသံသံဖြင့် ပြောဆိုနေသော ကျွန်တော်တို့ဝိုင်းဘက်သို့ အာရုံစိုက်လာကြတော့သည်။

 (၂)
 ထိုမှ တစ်ဆက်တည်းပင် ကျွန်တော်တို့ မိတ်ဆက်စကားပြောကြရာ ကျွန်တော်လည်း ဘိုကလေးသား ၊ သူလည်း ဘိုကလေးသား ဖြစ်နေသည်။ ထိုမှ အကြောင်းဆက်၍ ပြောကြရာ ၂၀၁၀ က လမ်းဘေးမှာ တရားစ ဟောတာ ငါပဲ ဟူသော ပြောဆိုချက်ဖြင့် ဦးနေဝေမှ သူ့အလုပ်မှထွက်ပြီး နိုင်ငံရေးနယ်ပဲထဲကို ၀င်လာပုံကို ရှင်းလင်းပြောဆိုသည်။ ထိုစဉ်က ကျွန်တော်ကို မမြင်မိကြောင်း ၊ သတင်းထောက်များနှင့် ရင်းနှီးကြောင်းလည်း ပြောသည်။ ကျွန်တော်က ၂၀၁၀ ၀န်းကျင်တွင် အင်တာနက်ဆိုင်မှာသာ ရှိသေးကြောင်း ၊ မီဒီယာလောကထဲ စတင် ခြေချမိခြင်း အကြောင်းများ ပြောဆိုရင်း အတော်ကို ရင်းနှီးကျွမ်းဝင်သွားသည်။ တဆက်တည်းပင် မင်္ဂလာဒုံမြို့နယ်အတွင်းတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဟောပြောပွဲ ရှိသည်ဟု ဆိုကာ ကျွန်တော့်အား လိုက်ခဲ့ဖို့ ခေါ်သွားတော့သည်။ ကျွန်တော့်အနေဖြင့် (၈)မိုင်သို့ လာမည်ဟုဆိုကာ လမ်းစရိတ် အနည်းငယ်သာ ပါ၏။ သူကပင် လမ်းစရိတ်ခံ၍ ခေါ်သွားခြင်းကြောင့် မြစ်ဆုံသတင်းတစ်ပုဒ် ထပ်ရလိုက်သေးသည်။ မြစ်ဆုံနှင့် ပတ်သက်၍ ပညာရှင်များက ကန့်ကွက်ခြင်း လူထုလှုံဆော်ပွဲဖြစ်သည်။ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၊ ဆရာ ကိုတာ ၊ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးမြင့်ဇော် နှင့် ဆရာ စိန်ဝင်း (ပုတီးကုန်း)တို့ ဟောပြောကြခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးနေဝေနှင့် ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်သွားကြရာ နောက်နောင် အရေးကိစ္စပေါ်တိုင်း ဦးနေဝေမှ ကျွန်တော့်အား ဆက်သွယ်တော့သည်။ သူပြောသည်မှာလည်း မီဒီယာအားသည် မရှိမဖြစ် လိုအပ်ကြောင်း ၊ မီဒီယာများသည်လည်း ရံဖန်ရံခါ ဆက်သွယ်လို့မလွယ်ကြောင်း ၊ တင်ထုတ် စနစ်ဖြစ်နေရာ သတင်းမက်စေ့(message) များသည် လိုရင်းကိုမရောက်ဘဲ ဖြတ်တောက်ခြင်းခံရ သည့်အတွက်လည်း ဂျာနယ်စာမျက်နှာများတွင် ပါသင့်သည်များ ပါမလာကြောင်း ဖြင့်ပြောသည်။ မည်သို့ပင် ဖြစ်စေ သတင်းထောက်များအနေဖြင့် သတင်းတစ်ပုဒ်ကို ဂျာနယ်စာမျက်နှာတွင် ဖော်ပြနိုင်ခြင်းမရှိသည့်တိုင် အင်တာနက်မှ ပွင့်လင်းစွာ ရေးသားဖြန့်ဝေသင့်ကြောင်းဖြင့် ကျွန်တော့်အား သင်ပြလိုက်လေတော့သည်။
(၃)
ထိုစဉ်မှ စ၍ အပတ်စဉ် ဆောင်းပါးတစ်ပုဒ်မျှသာ ဖြစ်ညှစ်ရေးလေ့ရှိသော ကျွန်တော် သတင်းများပါ စရေးလာတော့သည်။ ကျွန်တော်ကိုယ်တိုင်သည်ပင် အင်တာနက်ဆိုင်တွင် နေစဉ် နိုင်ငံရေးစာပေများကို ဖတ်ရှု မိရာမှ ဂျယ်တိုက်များတွင် မိမိရေးလိုသည်များ ရေးနိုင်မည်ဟု မျှော်မှန်း၍ လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး ဂျာနယ် တိုက်ကို ရောက်လာခြင်း ဖြစ်သည်။ ကိုယ့်ပညာနှင့်ကိုယ် တန်ရာတန်ကြေးရလိမ့်မည်ဟုလည်း မျှော်လင့် ထားသည်။ ယခင်က ဆောင်းပါးများရေး၍ ဂျာနယ်တိုက်သို့ ပေးပို့ရာ ဆေင်းပါးတစ်ပုဒ်လျှင် စာမူခ(၅၀၀)မျှ ရ၏။ ဂျာနယ်တိုက်သို့ ရောက်ရှိသွားပြီးနောက် တိုက်တွင်း ဆောင်းပါးရှင်ဖြစ်သွားရာ ဆောင်းပါးတစ်ပုဒ်လျှင် စာမူခ (၃၅၀၀)ခန့်သာ ရတော့သည်။ ကျွန်တော့်အနေဖြင့် ဂျာနယ်တိုက်အပြင်မထွက်ဘဲ အလုပ်လုပ်နေရာမှ သတင်း လိုက်ပါရယူခွင့်ကိုပါ တောင်းခံလိုက်တော့သည်။ ဂျာနယ်တိုက်တွင်လည်း ရှိစေ။ သတင်းလိုက်စရာရှိလျှင်လည်း ခွင့်တောင်းပြီး လိုက်နိုင်သည်ဟူသော အမိန့်ရတော့သည်။ ဂျာနယ်လောကတွင် သတင်းထောက်ဦးရေသည် လက်ချိုးရေတွက်လို့ ရသည်ဖြစ်ရာ တိုက်တွင်း ဆောင်းပါးမျှသာ ရေးနေသော ကျွန်တော် သတင်းပါရေးလာသဖြင့် သတင်းထောက်အချို့က မကျေနပ်ချင်ကြ။ သတင်း၏ သဘောတရားကို နားမလည်ဟု ယူဆကြသည်။ တကယ်လည်း အပြည့်အ၀နားမလည်။ ဘခြောက် လုံးမျှကိုတော့ လူထုဦးလှ၏ စာအုပ်များ ၊ ဆရာမောင်ဝံသ၏ သတင်းစာပညာ စာအုပ်များထဲမှ သိထားသည်။ ဆရာမောင်ဝံသ၏ သတင်းစာပညာစာအုပ်ကိုလည်း ၀ယ်သာထားသည်။ တခါတရံသာဖတ်ဖြစ်ခဲ့သည်။
 (၄)
 ဦးနေဝေ ကျွန်တော့်ထံထပ်မံ ဆက်သွယ်လာသည်။ ယခုတစ်ခါတွင် လယ်ယာမြေကိစ္စဖြစ်သည်။ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရွှေနံ့သာကျေးရွာမှ လယ်သမားများ လုပ်ကိုင်စားသောက်နေသောမြေကို သိမ်းယူထားခြင်း နှင့် ပတ်သက်၍ လယ်သမားများက လက်မှတ်ရေးထိုးတိုင်ကြားမည် ဖြစ်ရာ သတင်းလာ ရောက်ရယူရန် နှင့် ထိထိမိမိရေးသားရန် ခေါ်ခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဦးနေဝေနှင့် တိုင်ပင်သည်။သိမ်းဆည်းခံထားရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စတင်မေးမြန်းသည်။ လယ်သမားများအား ခြိန်းခြောက်သိမ်းဆည်းထားခြင်း ဖြစ်ကြောင်းဖြင့် မြေယာကိစ္စနှင့် ပတ်သက်၍ ကိုင်တွယ်ရတော့မည် ဖြစ်ကြောင်း ဆိုသည်။ နံနက်စောစောပင် ဦးနေဝေထံ ကျွန်တော်ရောက်သွားသည်။ လယ်သမားအစုံအလင်စုဝေး၍ ဦးနေဝေ မှလယ်သမားထံမှ သိမ်းဆည်းရယူထားပုံကို ရှင်းလင်းပြောကြားသည်။ လယ်သမားများမှာ ကြောက်၍ ငြိမ်ခံခဲ့ရ ကြောင်း ဆို၍ ပြန်လည်အရေးဆိုမည်ဖြစ်ကြောင်း ၊ ၎င်းတို့လုပ်ကိုင်စားသောက်လာခဲ့သည့် အခြေအနေနှင့် လက်ရှိ လယ်မြေအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို ပြောကြသည်။ လယ်သမားခေါင်းဆောင် ဦးကျော်စိန်ဖြစ်သည်။ လယ်ယာမြေများကို ယခုပြည်သူ့လွှတ်တော် ဥက္ကဌကြီးဖြစ်နေသူနှင့် ခမီးခမတ်တော် စပ်သူက သိမ်းဆည်းရယူရန် ကြိုးပမ်းပုံ။ နိုင်ငံတော်က သိမ်းဆည်းခြင်း ဖြစ်ကြောင်းဖြင့် လယ်သမားများအား ပြောဆို၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကုမ္ပဏီပိုင်ရှင်မှ ရယူထားပုံ။ လယ်သမားများ အနေဖြင့် နိုင်ငံတော်မှ သိမ်းဆည်းကြောင်း မှန်လျှင် နိုင်ငံတော်ထံ အသနားခံစာတင်ပြပါမည်ဟု ထို လွှတ်တော်ကိုယ်စားလှယ် သူဌေးကြီးအား ပြန်လည် ပြောဆိုရာ ခင်ဗျားတို့နိုင်ငံတော်ထံ အသနားခံစာတင် လည်း ဖတ်မယ့်သူ မရှိဘူး။ အမှိုက်ပုံးထဲ ရောက်မှာပဲဟူသော ပြောဆိုမှုများလည်း ရှိကြောင်းဖြင့် ကြားသိရ တော့သည်။ လယ်သမားများ နှင့် ဦးနေဝေ စတင်ဆက်စပ်မိပုံကို ပြန်လည်ကြားသိရာတွင် လယ်သမားများက ၎င်းတို့လယ်မြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ကွန်ပျူတာဆိုင်များတွင် တိုင်စာရေးသားရန် သွားရောက် ပြောဆိုကြရာ မည်သူမျှရေးသား ပေးခြင်း မရှိသည့်အတွင် ဦးနေဝေ၏ အိမ်ဆိုင်သို့ ရောက်ရှိလာကြပြီး အကြောင်းတိုက်ဆိုင်သွားကြခြင်းဖြစ်သည်။ ဦးနေဝေအား လယ်သမားများ နှင့် မိတ်ဆက်ပေးလိုက်သူမှာ ဆရာဝန် တစ်ဦးဖြစ်ပြီးသည်။ ဦးဗျို့ဆိုသူ မွန်လယ်သမားကြီး တစ်ဦးသည် ဆေးခန်းတွင် ကုသရင်း ဆရာဝန် အား ၎င်းတို့လယ်မြေများသိမ်းဆည်းခံထားရပုံကို ပြောဆိုမိရာ ဆရာဝန်က ဦးနေမျိုးဝေထံ လမ်းညွှန်လိုက်ခြင်း ဖြစ်ပေသည်။ လယ်သမားများအနေဖြင့် ဦးနေဝေအား သံသယရှိနေကြသည်။ သူ့အရင်က လယ်သမားများကို ကူညီမည်ဟု ပြောဆိုပြီး မလိမ့်တပတ်လုပ်သွားသည့် အဖြစ်နှင့် ကြုံတွေ့ခဲ့၍ ပုံအောယုံကြည်ခြင်းငှာ မစွမ်းသာ ပဲဖြစ်နေခြင်းသာတည်း။ လယ်သမားများသည် ထိုသို့တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းနေပြီး လယ်မြေထဲတွင် ကုမ္ပဏီတာဝန်ရှိသူများ၏ မတရားလုပ်ကိုင် ဆောင်ရွက်မှုများနှင့် တိုက်ရိုက်ရင်ဆိုင်နေကြရသည်။ ကုမ္ပဏီ လုံခြုံရေးအဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များအလား ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့အရေးပေါ်တိုင်း ဦးနေဝေ ထံဆက်သွယ်ကြရာ ဦးနေဝေကလည်း နီးနီးနားနားဖြစ်သည့် အားလျှော်စွာ ကိုယ်တိုင်ကွင်းဆင်း၍ လယ်သ မားအရေး စတင်ဆောင်ရွက်တော့သည်။ လယ်သမားများ စုပေါင်းလက်မှတ်ထိုးသည့်နေ့က တခြားဂျာနယ်များမှ သတင်းထောက်ဟူ၍ မရှိ။ ကျွန်တော်တို့ ဂျာနယ်တိုက်မှ ဂျာနယ်လစ် နှစ်ယောက်ဖြစ်နေသည်။ ကျွန်တော်က ဦးနေဝေနှင့် အတူပါသွား ပြီး နောက်မှ လယ်သမားများနှင့် သဘောဆန္ဒတူသည့် သူဌေးနှင့် သတင်းအယ်ဒီတာ ပါလာသည်။ သူလည်း ရေးချင်သလိုရေး။ ကိုယ်လည်း ရေးချင်သလိုရေး။ အယ်ဒီတာကြည့်သုံးလိမ့်မည်ဟုပင် ဆုံးဖြတ်ထားသည်။ လယ်သမားများ လက်မှတ်ထိုးပြီး မေးမြန်းစဉ်တွင် သတင်းအယ်ဒီတာမှ လယ်သမားများအနေဖြင့် လယ်မြေ ပြန်လည်ရရှိရေးသာ တသံတည်းဆိုရန် ပြောဆိုပြီး အင်တာဗျူးသည်။ သူလည်း အင်တာဗျူးသည်။ ကျွန်တော် လည်း အင်တာဗျူးသည်။ ထိုသို့အင်တာဗျူးပြီး ဦးနေဝေနှင့် ပြန်လည်တိုင်ပင်ရင်း အတူပြန်လာခဲ့သည်။ ဦးနေ ဝေမှ ဒီကိစ္စမှာ လယ်မြေပြန်ရရေးသာ ပြောဆိုဖို့မလွယ်ကူကြောင်း ၊ ယခုလယ်သမားများအား ငွေပေးထား သည်လည်း ရှိနေကြောင်း ၊ ငွေပေးသည်ဟု ဆိုသော်လည်း ကာလတန်ကြေး မဟုတ်သည့်အတွက် လယ်သမားများ အနေဖြင့် လယ်သမားများအနေဖြင့် မကျေမနပ်ဖြစ်နေကြခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆို သည်။ သူ့အနေဖြင့် အကြံပြုလိုသည်မှာ သတင်းပြန်လည် ရေးသားရာတွင် “လယ်သမားများ၏ နစ်နာမှု အတွက် လယ်ယာမြေများကို ကာလပေါက်ဈေးပေးချေခြင်း အားဖြင့် ရယူသင့်ကြောင်း ၊ သို့မဟုတ်လျှင် သိမ်းဆည်းရယူရန် မသင့်ကြောင်း ၊ ဥပဒေအရ လယ်မြေများကို နိုင်ငံတော် စီမံကိန်းမှ အပ ပုဂ္ဂလိက အကျိုးစီး ပွားအတွက် သိမ်းဆည်းခွင့် မရှိကြောင်းဖြင့်” သုံးသပ်ရေးသား ရန် အကြံပြုသည်။ သူ့အနေဖြင့် အကြံပြုခြင်းသာ ဖြစ်ပြီး ကိုယ့်အတွေးအမြင်အတိုင်းသာ ရေးသားရန် ပြောဆိုလိုက်သေး သည်။ သတင်းဆောင်းပါး ပုံစံမျိုးပြန်လည်ရေးသားရာတွင် ဦးနေဝေထောက်ပြသော အချက်များ အပါအ၀င် လယ်ယာမြေကို မဟားတရား သိမ်းဆည်းထားပုံကို ခြုံငုံရေးသားလိုက်တော့သည်။ ထိုအပတ် ဂျာနယ်ထွက် ရက်တွင် အယ်ဒီတာချုပ်နှင့် အုပ်ချုပ် ရေးမှူးမှာ ဂျာနယ်တိုက်တွင် မရှိ။ နေပြည်တော်သို့ ရောက်ရှိနေကြသည်။ ကျွန်တော်ရေးသားထားသည်လေး ပါပါ့မလား စိုးတထိတ်ထိတ် ဖြစ်နေရာမှ ဖော်ပြခြင်း ခံရသည်။ ဤသည်ကား ဇေကမ္ဘာ နှင့် ရွှေနံ့သာ လယ်သမားများ ပြဿနာအစဖြစ်၏။ ကျွန်တော်တို့နှင့် စတင် ကျွမ်းဝင်သော လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာဖြစ်လေသည်။ ထိုသို့ ဂျာနယ်စာမျက်နှာတွင် ပါရှိပြီး မကြာမီမှာပင် ဦးဝေမှမှ ၎င်း၏ ပါတီစာစဉ် Diversity (ဒိုင်ဗားစတီး)တွင် ဇေကမ္ဘာ နှင့် ရွှေနံ့သာလယ်သမား များ ပြဿနာကို လယ်သမားတစ်ဦးချင်းစီနှင့် မေးမြန်း၍ သုံးသပ်ရေးသား ဖြန့်ဝေလိုက်တော့သည်။ စတင်ကိုင် တွယ်မိသော လယ်ယာမြေပြဿနာအဖြစ် မှတ်တမ်းတင် ဖော်ပြရေးသားအပ်ပါသည်။

(မြေကြီး နှင့် ပြည်သူ အပိုင်း(၁)ဖြစ်ပါသည်။ဆက်လက်ရေးသား ဖော်ပြပါမည်။)

 နောင်တော်လေး (ဘိုကလေး)
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati